MNP - ဇွန် ၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့နံနက်ပိုင်းတွင် ကျောက်ပုံကျေးရွာအုပ်စုမှပုံစံ(၇)ရရှိပြီး တောင်သူ(၉၉)ဦးအား စပါး(၄၂၁)ဧက၊ ပြောင်း(၁၅)ဧကစိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေကျပ် (၆၄၆.၅၀)သိန်းကိုထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှတောင်သူများအား နေ့ရက်အလိုက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းနှင့်ပြောင်းတစ်ဧက လျှင်ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်နှင့်၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အကျေပေးသွင်းပြီးသည့်တောင်သူများအား ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်မိုးသီးနှံချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ၏ အတိုးနှုန်းမှာတစ်နှစ်လျှင် (၅%) ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ခင်အေးအေးထံမှ သိရသည်။
သတင်း - ပြည့်ဖြိုးသန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment