MNP - ဇွန် ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုး ပွဲကို ယမန်နေ့ ဇွန်လ ၂၄ရက်နေ့က မြဝတီမြို့၊ ဝှေ့ရှမ်းကျေးရွာရှိ နွားမွေးမြူရေး တောင်သူဦးနေဝင်းဦး၏ မြေနေရာတွင် ဆောင်ရွက်သည်။
ပြပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဝင်းအောင်က တိရစ္ဆာန်မွေးမြူသူ တောင်သူများအနေဖြင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် မိရိုးဖလာလွှတ်ကျောင်းစနစ်မှ ရိတ်ကျွေးစနစ်ဖွံ့ဖြိုး လာမည်ဖြစ်ပါ ကြောင်း၊ အဟာရတန်ဖိုးမြင့်မားသော မြက်မျိုးများ စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များ ကြီးထွားမှုနှုန်းမြင့်မားကာ ထုတ်လုပ်မှုများ ကောင်းမွန်ခြင်း၊ အစာဖိုးကုန်ကျစရိတ်များ သက်သာခြင်းတို့ကြောင့်လည်း မွေးမြူသူများအနေဖြင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးမှု အလေ့အထများ ရှိလာစေမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ နေဗီယာမြက်စတင်စိုက်ပျိုးသရုပ်ပြပွဲသို့ မြဝတီခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင့်လွင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးတင်နိုင်ဦးနှင့် ဌာနဆိုင်ရာများ၊ ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေး တောင်သူများတက်ရောက်သည်။
သတင်း - ထိန်လင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment