ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ



MNP - ဇွန်   ၁


နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိ‌ရေးသည် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံပညာ သင်ကြားရေးသည် များစွာအဓိကကျပါသည်။ အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့ အပြည့်အဝ သောက်စို့နိုင်ရန်အတွက် ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးကို ယနေ့နံနက် ၉နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ အလှူရှင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ဗဟန်း) ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အခမ်းအနားတွင် မြို့နယ်ပညာရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က ကျောင်းအပ်နှံရေးနေ့ ကိစ္စနှင့်ပတ်သတ်၍ ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အရွယ်ရောက်သူ ကလေးတိုင်း KG+9 အခြေခံပညာ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး စီစဉ်ချမှတ် ဆောင်ရွက်လျက်ရှိပြီး အရွယ်ရောက်သူကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ အခမဲ့ဖြန့်ဝေပေးမည် ဖြစ်ပါကြောင်း၊ ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအတွင်းအပြင်နှင့် အဆောက်အဦများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်း၏ လုံခြုံ‌ရေးဆိုင်ရာများ ဆောင်ရွက်ထားပါကြောင်းတို့ကို ပြောကြားသည်။


ဆက်လက်၍ ဗဟန်းမြို့နယ် ပညာရေးမှူး ဦးဌေးဝင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် ပညာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာရေး ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်က ထောက်ပံ့သော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ကျောင်းဝတ်စုံ များကို ကျောင်းသားကျောင်းသူများထံ ပေးအပ်ကြသည်။


ထို့နောက် ဗဟန်းမြို့နယ် အခြေခံပညာကျောင်းများသို့ အလှူငွေနှင့် ဗလာစာအုပ်များကို အလှူရှင်များက ပေးအပ် လှူဒါန်းကြရာ မြို့နယ်ပညာ‌ရေးမှူးက လက်ခံရယူပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်‌ ဖျော်ဖြေသီဆိုကြသည်။


ဗဟန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၈)ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လျာထားကျောင်းသားဦးရေ (၆၄၃၅)ဦးရှိရာ မေ(၃၁)ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံပြီးသူ (၆၂၈၄)ဦး ရှိသဖြင့် ၉၈% အပ်နှံပြီး ဖြစ်ကြောင်း သိရှိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)