စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း





MNP - ဇွန်   ၉


မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သတင်းသုံးတော်မူနေကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဇွန်လ(၈)ရက်၊ မွန်းလွဲပိုင်းတွင်  မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီးရှိ ဓမ္မာရုံတော်ကြီးတွင် ရွှေဘုံသာကျောင်းတိုက်၊ မိုးကုတ် (ဓမ္မလင်္ကာရ)ကျောင်းတိုက်၊ သပြေပင်တောရကျောင်းတိုက်၊ စံပြအောင်မြေကျောင်းတိုက်များရှိ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများအား အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် နိကာယ်စာမေးပွဲ နာယကဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ အလှူငွေကျပ်- ၃၄ သိန်းအားလှူဒါန်းခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက နာယကဆရာတော်ကြီးများထံ ဝတ္ထုငွေများ အသီးသီး ဆက်ကပ်လှူဒါန်းကာ ဖူဆယ်အားကစားရုံအတွင်း နိကာယ်စာမေးပွဲဖြေဆိုတော်မူနေကြသော သံဃာတော်များ၊ သီလရှင်ဆရာကြီးများနှင့် ကြီးကြပ် ဆရာတော်များထံ ဝတ္တုငွေများလက်ရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


နိကာယ်စာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်ဆရာတော် အပါး ၂၀ အား တစ်ပါးလျှင် အလှူငွေ ကျပ်- ၅၀၀၀၀ (ငါးသောင်းကျပ်)နှင့် စာဖြေသံဃာတော်၊ သီလရှင်ဆရာကြီး စုစုပေါင်း အပါး ၈၀ အား တစ်ပါးလျှင်အလှူငွေကျပ် - ၃၀၀၀၀ (သုံးသောင်းကျပ်)တို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စုစုပေါင်းလှူဒါန်း ငွေကျပ် - ၃၄ သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မုံရွာမြို့နယ်၊ သာစည်ကျေးရွာ၊ အောင်ချမ်းသာတိုက်သစ်ကျောင်းတိုက်၊ ဆရာတော်ဥူးဇောတိက သက်တော်(၆၉)နှစ်၊ သိက္ခာတော်(၄၉)ဝါ ဆရာတော်ကြီးသည် မော်တော်ကားဖြင့် မုံရွာမြို့သို့ ကျောင်းအတွက်လိုအပ်သော ပစ္စည်းများဝယ်ယူကာ ပြန်လာစဉ် မုံရွာ-သာစည်ကျေးရွာသွားကားလမ်း ရေကျော်တံတားအနီးတွင် PDF အကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဆရာတော်ကြီးအား ဝဲဘက်မျက်လုံး ထိခိုက်ဒဏ်ရာနှင့် ယာဘက်နှာခေါင်းဘေး စုတ်ပြဲဒဏ်ရာများရရှိခဲ့ပြီး အမှတ် ၄ ကုတင် ၃၀၀ ဆံ့ တပ်မတော် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသသမှု ခံယူလျက်ရှိကြောင်း သိရသည်။


ဆရာတော်ကြီး ဆေးကုသမှုခံယူလျက်ရှိရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမျှော်ကြည်ညိုပြီး စားသောက်ဖွယ်ရာများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီး ကျန်းမာရေး အမြန်ကောင်းမွန်လာစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)