လက်နက်ကိုင်ပြီး သောင်းကျန်းနေတာ ပြည်သူ မဟုတ်ဘူး ရန်သူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်ကိုင်ပြီး သောင်းကျန်းနေတာ ပြည်သူ မဟုတ်ဘူး ရန်သူ


နီနီရဲရဲ ပြဲပြဲကြီးဆိုတဲ့ ဆောင်းပါးမှာ ရဲကျင့်ဝတ်တွေကို လေးစားလိုက်နားခြင်းမရှိဘဲ အကြမ်းဖက်အားပေးလုပ်နေတဲ့ ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များအကြောင်းကို ပြောခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်နေကြသော ရဲတပ်ဖွဲ့ဝင်များကို လေးစား ဂုဏ်ပြုကြောင်းလည်း အမြဲတမ်း ပြောနေမှာပဲ ဖြစ်ပါတယ်။ 

အကြမ်းဖက်အားပေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောတဲ့နေရာမှာ ပြည်သူလူထုကို မကာကွယ်လိုရင်တောင်မှ မိမိတို့ ရဲဘော်ရဲဘက်များအပေါ်မှာတော့ သစ္စာထားသင့်ကြောင်းကို ရေးသားတင်ပြခဲ့ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုတာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တယ်။ သူတို့တွေက တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေကို သိမှ မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်နိုင်မယ်။ အကြမ်းဖက်မှုတွေ ထူပြောနေတဲ့ ဒေသက အခြေအနေမှန်တွေကို မသိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူများက တိုင်းပြည်က တည်ငြိမ်နေသလိုလို၊ အေးချမ်းနေသလိုလို ထင်မြင်ပြီး အများပြည်သူကို ပြောမိရင် နိုင်ငံအကြီးအကဲတွေပါ အရှက်ကွဲမယ်။ သတင်းမှားတွေကို ကိုးကားပြောမိရင် သိက္ခာမရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ကုန်မယ်။ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များကိုလည်း တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို သိရှိပြီး မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့ သတင်းမှန် ရရှိရေး တခြားသော ထောက်လှမ်းရေးနည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ ကျွန်းလှမြို့နယ်က ပေးစာတစ်စောင်ကို မြန်မာနေရှင်နယ်ပို့စ် က တင်ပြပေးခဲ့ပါတယ်။ ဒေသခံတစ်ဦး ရေးသား ပြောဆိုတာကတော့ PDF အကြမ်းဖက်သမားသတ်လို့ သေသွားရတဲ့ သတင်းတွေ၊ PDF အကြမ်းဖက်သမား ဖမ်းခေါ်သွားပြီး သေသလား၊ ရှင်းသလား မသိရတဲ့ ကိစ္စတွေ နစက သတင်းထုတ်ပြန်ချက်တွေမှာ ပါမလာဘူး။ တခြားသော ဒေသက သတင်းတွေကို ထုတ်ပြန်နေပြီး ကျွန်းလှမြို့နယ်ထဲက သတင်းတွေကို ကြတော့ ဘာလို့ မထုတ်ပြန်တာလဲ။ ကျွန်းလှမြို့နယ်မှာ ခန့်အပ်ထားတဲ့ ထွေအုပ်၊ ရဲ၊ စရဖ အားလုံးက လက်ဝါးချင်းရိုက်ပြီး သတင်းတွေ ဖျောက်ဖျက်ပစ်နေတာလား ဆိုတဲ့ သံသယတွေ ဒေသခံတွေမှာ ဖြစ်ပေါ်လာပြီ။ 

ကျွန်းလှမြို့နယ်မှသာ မဟုတ်ပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှာ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်တာဝန်ပေးခြင်း ခံရသူတွေဟာ နီပိန်း အကြမ်းဖက်နဲ့ လည်ပင်းဖက်ပြီး ကိုယ်ကျိုးရှာနေကြတာတွေကို ပြည်သူတွေက ရွံမုန်းလာကြပါတယ်။ ဧရာဝတီတိုင်းဘက်က ဒေသခံတစ်ဦး ရေးပို့လာတဲ့ ပေးစာကို ဖော်ပြခဲ့တုန်းက ဆိုရင် မြို့နယ်စီမံအုပ်ချုပ်ရေးထဲက ပုဂ္ဂိုလ်တစ်ဦးက မြန်မာနေရှင်နယ်ပို့စ် ကို တရားစွဲမယ်လို့တောင် ပြောခဲ့ဖူးပါတယ်။ စွဲပါလို့ ရေးသားပေးပို့သူကိုတော့ ကျွန်တော်မပြောနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။

ဒါတွေကို ထောက်ပြပြောဆိုနေခြင်းဟာ တိုင်းပြည်တာဝန်ထမ်းဆောင်နေသူများကို ဒုက္ခရောက်စေချင်လို့ မဟုတ်ပါဘူး။ အဂတိလိုက်စားတာကို မနာလိုလို့ ပြောနေခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော်က အဂတိလိုက်စားရင်တောင် ဘယ်လို စားရမယ်ဆိုတာကို နစက တက်လာပြီး သိပ်မကြာခင်မှာ ရေးခဲ့ဖူးပါတယ်။ အဂတိကင်းတယ်ဆိုတာ မရှိပါဘူး။ အဂတိလိုက်စားတဲ့ နေရာမှာ ခွေးစားမစားဘဲ စာ စား စားဖို့ အကြံပြုခဲ့ပါတယ်။

တိုင်းပြည်မှာ ဖြစ်နေတဲ့ အစိုးရအဆက်ဆက်ရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဂတိလိုက်စားသူ ရှိတယ်။ အရေးယူတယ်။ အနည်းအကျဉ်းပဲ ရှိခဲ့တယ်။ NLD အစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များပါ မကျန် ရာထူးအာဏာရသခိုက် ရသလောက်ဝိုက်မယ်ဆိုပြီး ကိုယ်ကျိုးရှာလိုက်ကြတာ အခုတော့ အဂတိနဲ့ အကုန်လုံး ထောင်ထဲ တန်းစီဝင်ကြရတယ်။ ဂဏန်းညှပ်တာ လူမသိဘူး၊ မိအေး အော်မှ လူသိတယ်ဆိုတဲ့ အဖြစ်မျိုးပါပဲ။ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး တိုင်းပြည်ဘဏ္ဍာကို ကိုယ်ပိုင်ပစ္စည်းဥစ္စာလို ရယူသုံးဖြုန်းနေတုန်းက မသိကြဘူး။ နစက က စစ်ဆေးအရေးယူတော့မှ အသံထွက်လာကြတာ မိအေးအော်မှ လူသိတဲ့ အဖြစ်မျိုးပါ။

ရာထူးအာဏာရသခိုက် ရသလောက် ဝိုက်မယ်ဆိုတဲ့ လူတွေကိုလည်း နစက ထဲမှာလည်း ရှိနေတာကို ငြင်းလို့ မရပါဘူး။ အထင်ရှားဆုံး သာဓက ကတော့ ရန်ကုန်တိုင်းဒသေကြီး ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ ဦးစိုးစိုးဇော် တို့ အခု အဂတိနဲ့ အရေးယူခံထားတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ခေတ္တတာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရပါလို့ ပြောထားတာတောင် ရတဲ့အချိန်မှာ ရသလိုဝိုက်မယ်ဆိုတဲ့ အတွေးရှိနေကြတော့ တည်ငြိမ်အေးချမ်းရေးအတွက် အလုပ် လုပ်နေပါတယ်လို့ ဘယ်မှာ ယုံကြည်စရာ ရှိမှာလဲ။

ကျွန်တော်လည်း လူဖြစ်တဲ့အတွက် အဂတိမင်းပါဘူးဗျာ။ အဂတိလိုက်စားကြတာကိုလည်း မတားပါဘူး။ ချင့်ချိန်ပြီးစား၊ စားသင့်မှစား။ စားလည်းစား အလုပ်လည်း လုပ်တယ်ဆိုရင် ပြဿနာမဟုတ်ပါဘူး။ အဂတိလည်းလိုက်စားတယ်။ အကြမ်းဖက်အားပေးလည်း လုပ်တယ်ဆိုရင်တော့ NLD အစွန်းရောက် အကြမ်းဖက်သမားတွေထက် ပိုဆိုးတဲ့ အခြေအနေကို ရောက်သွားပြီ။

နစက ရဲ့ မူဝါဒတွေကိုလည်း ကျွန်တော်တို့ မသိနိုင်ပါဘူး။ NLD အစွန်းရောက် အကြမ်းဖက်တွေကို တိတိကျကျ နှိမ်နင်းဖို့ ညွှန်ကြားလား၊ မညွှန်ကြားဘူးလားဆိုတာလည်း ကျွန်တော်တို့ မသိနိုင်ပါဘူး။ အကြမ်းဖက်သမားတွေက နေ့စဉ်ရက်စက် အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ကိစ္စမှာ နစက ရဲ ပျော့လျော့မှု၊ ပျော့ညံ့မှုတွေေကြောင့်လည်း ပိုဆိုးနေတာလို့ ပြောနိုင်ပါတယ်။ နစက က မပျော့ညံ့ဘူးဆိုရင်လည်း နစက က နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ပေးထားတဲ့ သူတွေဟာ ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမှာ ဖြစ်ပါတယ်။

အထူးအားဖြင့် ရဲအရာရှိများနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ အကြမ်းဖက်အားပေး လုပ်ရပ်တွေအပေါ် ပြည်ထဲရေးဝန်ကြီးဌာနက အရေးယူဆောင်ရွက်မှုမရှိခြင်းဟာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် တမင်ဖန်တီးနေသလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။

ရဲဘော်ရဲဘက်အချင်းချင်းမှ သစ္စာမထားတဲ့ သူတွေကို နိုင်ငံတော်ရဲ့ ကြီးလေးလှတဲ့ တာဝန်တွေ ဆက်လက်ထမ်းဆောင်ခိုင်းနေလို့ ဘာထူးမှာလဲ။ တာဝန်သိ ပြည်သူတွေက သတင်းပေးလည်း မစုံစမ်းဘူး။ မစစ်ဆေးဘူး။ အပြစ်မဲ့ ပြည်သူတွေ အသတ်ခံရလည်း ကြက်ကလေး၊ ငှက်ကလေးလို သဘောထားပြီး သတင်းဖျောက်ပစ်လိုက်ကြတယ်။ ဒါကတော့ လူမဆန်တဲ့ လုပ်ရပ်မျိုးဖြစ်သွားပြီ။

ရဲကျင့်ဝတ်ထဲမှာ ဖတ်ရှုမှတ်သား မိတာကတော့ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး လို့ တွေ့ရပါတယ်။

(၁) ဥပဒေဘောင်အတွင်း နေထိုင်ကြသော ပြည်သူလူထုကို လေးစားချစ်ခင်ပါ။

(၂) ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။

(၃) ပြည်သူလူထုက အပ်နှင်းထားသော လက်နက်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ပြည်သူလူထုကို ကာကွယ်ပါ။

(၄) ပြည်သူလူထု၏ ဆန္ဒကို တရားဥပဒေနှင့်အညီ ဖြည့်ဆည်းပါ။

(၅) ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ရိုင်းပြစွာ ပြောဆိုဆက်ဆံမှုကို ရှောင်ကြဉ်ပါ။

(၆) ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရယူပါ။

(၇) ပြည်သူလူထု၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို လေးစားပါ။

(၈) ပြည်သူလူထုအတွက် တရားဥပဒေနဲ့အညီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပါ။

(၉) လုပ်ကိုင်ခွင့် အာဏာကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပေါ် အနိုင်မကျင့်မိရန် သတိပြုပါ။

(၁၀) ပြည်သူလူထု၏ သားပျို၊ သမီးပျို နှင့် သားမယားတို့ကို စည်းစောင့်ပါ။

ဆိုတဲ့ အချက်တွေကို တွေ့ရပါတယ်။

နစရဲ့ တစ်နှစ်နဲ့ ၅လတာ ကာလအတွင်း ဥပဒေဘောင်အတွင်း နေထိုင်ကြသော ပြည်သူလူထုအပေါ်မှာ အထက်ပါ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် အချက်(၁၀) ချက်နဲ့အညီ ပြုမူဆောင်ရွက်မှုက အင်မတန် အားနည်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဘာတာဝန်၊ ဘာရာထူးမှ မရှိပါဘူး။ သို့ပေသော် တည်ငြိမ်အေးချမ်းရေးအတွက် ရပ်ရွာအေးချမ်းသာယာရေးအတွက် လုံခြုံရေးယူနေရတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့ တတ်နိုင်သလောက် စားသောက်ဖွယ်ရာ လှူဒါန်းခဲ့တယ်။ ထောက်ပံ့ခဲ့တယ်။ နာမည်ကောင်းယူပြီး မဏ္ဍပ်တိုင် တပ်ဖို့မဟုတ်ဘူး။ တည်ငြိမ်းအေးချမ်းရေးအတွက် ဆောင်ရွက်နေသော ပုဂ္ဂိုလ်များနောက်မှာ ပြည်သူရှိတယ်ဆိုတာကို သိစေချင်ယုံပါပဲ။ ကျွန်တော်တို့ရဲ့ လှူဒါန်းထောက်ပံ့မှုဟာလည်း ဆင်ပါးစပ်ကို နှမ်းပပ်သလောက်ပါပဲ။ ဘာမှ ပြောပလောက်တာ မဟုတ်ပါဘူး။

ရန်ကုန်၊ မန္တလေး၊ နယ်မြို့တွေပါမကျန်ပေါ့ဗျာ အကြမ်းဖက်ခံရပြီး အမှုဖွင့်တယ်။ ရဲစခန်းက အဓိပ္ပာယ်လွဲအောင် လုပ်တယ်။ အကြမ်းဖက်လှုံ့ဆော်သူဘက်က အဂတိလိုက်စားပြီး အမှုကို ကရော်ကမယ် လုပ်တဲ့ကိစ္စတွေလည်း မြန်မာနေရှင်နယ်ပို့စ် က ထုတ်ဖော်တင်ပြခဲ့တာတွေ ရှိပါတယ်။ အဲဒီလို ဖော်ထုတ်တင်ပြမှုတွေကြောင့် စစ်ဆေးရေးဝင်တယ်။ စစ်ဆေးရေးဝင်တဲ့ ပုဂ္ဂိုလ်များက နောက်နောင် မီဒီယာကို မပြောဖို့ပါ ပါးစပ်ပိတ်သွားသေးသတဲ့ဗျာ။

ဖရဲသီးများအနေနဲ့ကတော့ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး ကို တိတိကျကျ ဆန့်ကျင်ပြီး ပြုမူဆက်ဆံပါတယ်။ ရဲစခန်းပေါင်းများစွာ ရောက်ဖူးပါတယ်။ ဥပဒေ မသိနားမလည်တဲ့ ပြည်သူကို ဥပဒေနဲ့အညီ အခွင့်အရေးရအောင် လုပ်ဆောင်ပေးဖို့ အဝေးကြီး။ ဥပဒေဘောင်အတွင်း နေထိုင်ကြသော ပြည်သူလူထုကို လေးစားချစ်ခင်ဖို့ မပြောပါနဲ့။ အကြမ်းဖက်သမားကို လက်တို့ပြီး သတ်မခိုင်းရုံတမယ်ပဲ။  ပြည်သူလူထုက အပ်နှင်းထားသော လက်နက်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ပြည်သူလူထုကို ကာကွယ်ဖို့ အဝေးကြီး။ အသတ်ခံရတဲ့ ပြည်သူတွေရဲ့ သတင်းကိုတောင် ဖျောက်ပစ်တယ်။ ဆိုတော့ အကြမ်းဖက်သမားထက် ဆိုးတဲ့ အကြမ်းဖက်အားပေးတွေ။

နစက ကို မျက်စိလည်လမ်းမှားရောက်အောင် လိမ်ညာနေကြသူတွေ။ နစက လူကြီးမင်းများ မူဝါဒအမှားတွေ ချမှတ်လာအောင် ဖန်တီးနေကြတဲ့ သူယုတ်မာတွေလို့ ပြောရမှာဖြစ်ပါတယ်။

အခု ဒီဆောင်းပါးကို ရေးနေတဲ့ အချိန်မှာပဲ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အစပ် ခရမ်းမြို့နယ်၊ ကဝမြို့နယ်တွေမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ သူတွေကို ယနေ့အချိန်ထိ တစ်ဦးတစ်ယောက်ကိုမျှ အရေးယူတာ မရှိဘူးလို့ ဆက်သွယ်ပြောဆိုလာပါတယ်။ အသေးစိတ်ကို မပြောသေးပါဘူး။ အကြမ်းဖက်သမားတွေ အတွက် ဘယ်လောက်တောင် အခွင့်အလမ်း သာနေသလဲ စဉ်းစားကြည့်ကြတော့။

လူတွေ အားလုံးမှာ အသက်အပိုမပါ ပါဘူး။ NLD တွေက အစွန်းရောက်စိတ်ဝင်ပြီး အစွန်းရောက် အကြမ်းဖက်နေလို့ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် အကောင်အထည်ဖော်နေရတဲ့ အစိုးရဖြစ်လို့ အတိုင်းထက်အလွန် အဂတိလိုက်စားပြီး အကြမ်းဖက်အားပေးမလုပ်ကြဖို့ ပြောလိုခြင်းဖြစ်ပါတယ်။ ဘယ်လောက်အထိအောင် စဉ်းစားမိသလဲ ဆိုရင် NLD လက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း ရာထူး အာဏာရသခိုက် အရဝိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဂတိလိုက်စားသလို နစက ရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေသူများကလည်း သွားလေသူတို့၏ လမ်းစဉ်နောက်ကို လိုက်လေလားလို့ စဉ်းစားမိပါတယ်။

တငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုးရေးအတွက် အသက်နဲ့ရင်း အလုပ်လုပ်နေကြရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အကို၊ အမများကိုတော့ တောင်းပန်ပါတယ်။ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ကို ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်များနဲ့အညီ ရပ်တည်ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် အကို၊ အများအားလုံးကို ဦးညွှတ်ပါတယ်။ အကိုတို့ အထဲမှာ နောက်ကျောကိုဓားနဲ့ ထိုးမယ့်သူတွေ ရှိနေတယ်။ ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်းပေါ်မှာတောင် သစ္စာမထားတဲ့ သူတွေဟာ ပြည်သူလူထုကို အကာအကွယ်ပေးမယ်ဆိုတာ ယုံကြည်စရာမရှိပါဘူး။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားက သတ်လို့ အပြစ်မဲ့ သေဆုံးရတဲ့ ပြည်သူတွေရဲ့ စာရင်းကိုတောင် ဖျောက်ဖျက်ပစ်တယ်ဆိုတဲ့ လုပ်ရပ်မျိုးဟာ နစက မူဝါဒ ဖော်ဆောင်သူများကို ဗြောင်လိမ်နေကြတာလို့ပဲ ပြောရမှာဖြစ်ပါတယ်။

သဘောအားဖြင့်တော့ ဒေသကတည်ငြိမ်အေးချမ်းနေသယောင်၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သူတို့တွေကပဲ တကယ်အလုပ် လုပ်နေသယောင် ထင်ယောင်ထင်မှား မျက်စိလည်လမ်းမှားအောင် ဖန်တီးနေကြခြင်းဖြစ်ပါတယ်။ ကိုယ့်တွေ့ အဖြစ်အပျက်လေးတစ်ခု ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားကို ဖမ်းမိလာလို့ ရဲစခန်းသွားအပ်တယ်။ အဖမ်းခံရတဲ့ PDF က မင်းတစ်ခုခု ဖြစ်ရင် သူ့အစ်ကိုက ဖုန်းဆက်ပါလို့ မှားထားလို့ ရဲကို သူ့အစ်ကို ဆီ ဖုန်းဆက်ခိုင်းပါသတဲ့။ သူ့အကိုက PDF ခေါင်းဆောင်။ ရဲနဲ့ PDF ခေါင်းဆောင် ဖုန်းဆက်ပြီးတော့ ဖမ်းမိထားတဲ့သူကို လွှတ်ပေးမယ်လုပ်လို့ဗျာ။

ဒါလားကွ ဥပဒေစိုးမိုးရေး၊ ဒါလားကွ တည်ငြိမ်အေးချမ်းရေး လို့ မမေးရဲတော့ပါဘူးဗျာ။


နောင်တော်လေး (ဘိုကလေး)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)