MNP ၊ ဇွန် ၂၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အပူချိန်မြင့်မားလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုအား ကြိုတင်ကာကွယ်နိုင်စေရေး၊ အရင်းအမြစ်အားထိန်းသိမ်းနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလာစေရေးတို့ကို ရည်ရွယ်၍ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံးအနီး အမှတ်(၄)ရပ်ကွက်ရှိ တောင်သူဦးခင်သန်းပိုင် စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်အခမ်းအနားသို့ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ဝန်ထမ်းများ၊ မအီမြို့၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဝင်းရွှေနှင့် သစ်တောဝန်ထမ်းများ၊ မအီမြို့ပေါ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၀၀)ဦးခန့်တို့က တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် ပျဉ်ကတိုးပင်(၃၀၀)၊ ဗန်ဒါ(၃၈)ပင်၊ မန်ဂျန်ရှား(၂၅၀)ပင်၊ ခရေ(၄၀)ပင်နှင့် စိန်ပန်းပင်(၁၀၀)ပင် စုစုပေါင်းသစ်ပင်(၉၇၈)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်(ပထမအကြိမ်)ကို ဇွန်လ(၅)ရက်နေ့က မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေကွက်လပ်တွင် စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ဖော်ပြပါ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ ကြီးကြပ်မှုဖြင့် မအီမြို့၊ သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment