မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီး အဆင့်မြှင့်တင် နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီး အဆင့်မြှင့်တင် နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး


ခရမ်းစိုးမြင့်

မြန်မာနိုင်ငံသည် အာရှတိုက်၏အရှေ့တောင် ဘက်တွင်တည်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

အဓိကထွက်ကုန်မှာ စိုက်ပျိုးသီးနှံ၊ သားငါးတို့ဖြစ်ပြီး အခြားသယံဇာတများလည်း ထွက်ရှိသည်။ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်နိုင်ငံများနှင့်လည်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးစခန်းသည် ပို့ကုန်သွင်းကုန် အများဆုံး ဆောင်ရွက်နေသော စခန်းတစ်ခုဖြစ်ပြီး အဓိကဆက်သွယ်ရေး လမ်းကြောင်းမှာ ကားလမ်း ဖြစ်သည်။

ကားလမ်းမှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မိုင်းယုတို့ကိုဖြတ်၍ မူဆယ်အထိ ဖောက်လုပ်ထား သောလမ်းဖြစ်ပြီး မိုင်အားဖြင့် ၂၉၁ ဒသမ ၈၇၅ မိုင်ရှိ မန္တလေး-လားရှိုး-မူဆယ်ကားလမ်းဖြစ်သည်။

အဆိုပါကားလမ်းကို Oriental Highway Co.,Ltd သည် ၁၉၉၆ ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနထံမှ B.O.T ရယူ ဆောင်ရွက်ခဲ့သောလမ်းဖြစ်ပြီး B.O.T ယူခဲ့စဉ်က လမ်းမိုင်အားလုံးသည် ၁၂ ပေနှင့် ၁၈ ပေအကျယ်သာရှိသည်။ မိုးရာသီတွင် မိုးများရွာသွန်းမှုကြောင့် လမ်းများဆိုးရွားစွာပျက်စီးလျက် လားရှိုးမှမူဆယ်ကိုပင် ရံဖန်ရံခါ နှစ်ညအိပ် သုံးရက်ခန့် သွားလာနေရသော လမ်းဖြစ်သည်။ ထို့ကြောင့် မူလက ၁၂ ပေ၊ ၁၈ ပေ အကျယ်သာရှိသော လမ်းကို ၂၂ ပေ၊ ၃၆ ပေ၊ ၄၈ ပေအထိချဲ့၍ ကျောက်ခင်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းခင်းပြီး A.C လမ်းအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်ပေးလိုက်သဖြင့် ယခုအခါ လားရှိုးမှမူဆယ်ကို ကားလေးနှင့် သုံးနာရီဖြင့် အရောက်သွားနိုင်နေပြီဖြစ်သည်။

လမ်းအဆင့်မြှင့်တင်ရာ၌ B.O.T ကုမ္ပဏီအနေဖြင့် လမ်းပိုင်းတစ်မိုင်လျှင် ကုန်ကျစရိတ် ၁ ဒသမ ၅ ဘီလီယံကျပ် ကုန်ကျသဖြင့် လမ်းမိုင်ပေါင်း ၂၉၁ ဒသမ ၈၇၅ မိုင်အတွက် ကုန်ကျငွေမှာ ၃၅၆ ဘီလီယံ ရှိသည်ဟု သိရသည်။ ယင်းအပြင် လမ်းပေါ်၌ တံတားပေါင်း ၈၅၅ စင်းလည်း B.O.T ယူစဉ်က ပါရှိလာရာ အဆိုပါတံတားများကို ပေ ၁၈၀ အောက်နှင့် ပေ ၁၈၀ အထက် ကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ တံတားအရေအတွက် ၆၉၆ စင်းအထိ တိုးတက်ပြုပြင်ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။

မန္တလေး-လားရှိုး-မူဆယ်ကားလမ်းသည် မန္တလေးမြို့မှ နောင်ချိုမြို့အထိ လမ်းပိုင်းနှင့် လားရှိုး-ကွတ်ခိုင်-မူဆယ်လမ်းအပိုင်းတို့ကို အဆင့်မြှင့်တင်၍ မူလနှစ်လမ်းသွားမှ လေးလမ်းသွားအဖြစ် ၁၇၂ ဒသမ ၃၉ မိုင်အထိ ဆောင်ရွက်ခဲ့ပြီး ဖြစ်သလို ပြင်ဦးလွင်မြို့ရှောင်လမ်းနှင့် လားရှိုးမြို့ရှောင်လမ်းတို့ကိုလည်း လမ်းသစ်များအဖြစ် ဖောက်လုပ်ပေးခဲ့သည်ဟု သိရသည်။

မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးသည် အာရှလမ်းမကြီး အမှတ်(၁၄)နှင့် ပြည်ထောင်စု လမ်းမကြီးဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ကို ဆက်လက်သွားရောက်နိုင်သလို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအတွက် အဓိကအရေးပါသော လမ်းမကြီးတစ်လမ်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ကုမ္ပဏီအနေဖြင့် ယခုအခါ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း ၆၆ မိုင်၊ မူဆယ်-နမ့်ခမ်းလမ်း ၂၂ မိုင်၊ မိုင်းယု-ကြူကုတ်လမ်း ၁၂ မိုင်၊ ရေတာရှည်-ပျဉ်းမနားလမ်း ၃၉ မိုင် ၅ ဖာလုံ၊ ပျဉ်းမနား-ရမည်းသင်းလမ်း ၄၅ မိုင် ၅ ဖာလုံ၊ မြစ်ငယ်-ထုံးဘိုလမ်း ၉ မိုင် ၃ ဖာလုံ၊ ပုသိမ် - ငွေဆောင်လမ်း ၂၉ မိုင်၊ ဆားမလောက်-မအူပင် လမ်းမိုင် ၂၀၊ မန္တလေး-လားရှိုး-မူဆယ်လမ်း ၂၉၁ ဒသမ ၈၇၅ မိုင်ဖြစ်၍ မိုင်ပေါင်း ၅၄၅ ကျော်ကို B.O.T ယူ၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိနေကြောင်း၊ ကတ္တရာလမ်းသည် ယာဉ်သွားလာမှု များပါက ၁၀ နှစ်ကြာလျှင် ပျက်စီးကြောင်း၊ ထို့ကြောင့် မိမိတို့ကုမ္ပဏီအနေဖြင့် B.O.T ယူခဲ့သည့် လမ်းများကို တာရှည်ခံသည့် ကွန်ကရစ်-နိုင်လွန် ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်လျက် ရှိနေကြောင်း၊ ယခု မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း၌ အရေးပါသည့် မန္တလေး-လားရှိုး-မူဆယ်လမ်း (၂၉၁ ဒသမ ၈၇၅ မိုင်)ကို ကွန်ကရစ် AC လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင် ရွက်နေကြောင်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်းမှ မန္တလေး- ပြင်ဦးလွင်အပိုင်း ၄၇ မိုင် ၁ ဖာလုံ (၈/ဝ-၅၅/၁)အထိကို ၂၀၀၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် အေးရှားဝေါလ် ကုမ္ပဏီလီမိတက်အမည်မှ Oriental Highways ကုမ္ပဏီလီမိတက်အဖြစ် လွှဲပြောင်းဆောင်ရွက်ခဲ့ကြောင်း၊ မူလလမ်း ၁၂ ပေအကျယ်၊ ၁၈ ပေအကျယ် (နှစ်လမ်းသွား)နှင့် လမ်းပေါ်၌ Bridge and Culvert ၂၉၀ အပါအဝင် စုစုပေါင်းတံတား ၈၅၅ စင်း ရှိသော်လည်း ၆၉၆ စင်းအထိ အဆင့်မြှင့်တင် တည်ဆောက်ထားကြောင်း၊ စာချုပ်၌ တောင်ပေါ် ဒေသလမ်းများတွင် ၁၈ ပေအကျယ်အထိ ဆောင်ရွက် ရန်ဖြစ်သော်လည်း အခြေအနေပေးသည့် နေရာ တွင် ၃၆ ပေ၊ ၄၈ ပေအထိ ချဲ့၍ နိုင်လွန်ကတ္တရာ လမ်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်ထားကြောင်း၊ ယခုအထိ အဆိုပါ မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းမှ ၂၉၁ ဒသမ ၈၇၅ မိုင်ရှိသည့်အနက် ၃၆ ပေနှင့် ၄၈ ပေချဲ့၍ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းကို ၁၇၂ ဒသမ ၃၉ မိုင် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် လမ်းမိုင်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” Oriental Highways Co.,Ltd မှ B.O.T လမ်းများ စီမံကိန်းဒါရိုက်တာ ဦးတင်ကိုကိုက ရှင်းပြသည်။

အချုပ်အားဖြင့် တင်ပြရလျှင် မန္တလေး-လားရှိုး-မူဆယ်အဝေးပြေးလမ်းမကြီးသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှစတင်ပြီး ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မိုင်းယု တို့ကိုဖြတ်၍ မူဆယ်အထိ ဖောက်ထားသော လမ်းဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်း၌ အရေးပါသည့် လမ်းမကြီးဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက်လည်း အရေးပါသော အဝေးပြေးလမ်းမကြီးတစ်လမ်း ဖြစ်ပေသည်။ ထို့ကြောင့် အဆိုပါလမ်းမကြီးအား ၄၈ ပေ ချဲ့၍ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးလိုက်ခြင်းဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည့်အပြင် အဝေးပြေးလမ်းမကြီး ဖြတ်သန်းရာ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့ရွာများမှ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်သည်။         ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)