အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ ဇွန် ၁

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၂၀၂၂ ခုနှစ်၊ မေလတွင် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီ၌ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှု၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချဉ်းကပ်မှုပုံစံသစ်များနှင့် အာဆီယံအပြင် အခြားပူးပေါင်း ဆောင်ရွက် မှုများကတစ်ဆင့် အသစ်ထွက်ပေါ်လာသည့် အစီအစဉ်များတွင် ဘာသာရပ်အလိုက် လိုအပ်သည်များကို ပြင်ဆင်ထားရှိရေးကိစ္စ၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် စတင်အသုံးပြု ဆောင်ရွက်နိုင်မှုနှင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲလျက်ရှိရာ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အေအီးစီ အကောင်အထည်ဖော်မှု၌ ၂၀၂၁ ခုနှစ် တွင် ၇၀ ဒသမ ၇ ရာခိုင်နှုန်းအကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ ဒေသတွင်းပျှမ်းမျှ အကောင်အထည်ဖော်မှုထက် ကျော်လွန်ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ် အေအီးစီ အကောင်အထည်ဖော်မှု လုပ်ငန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်နှင့် အာဆီယံ သဘောတူညီချက်များအရ လိုက်နာဆောင်ရွက်ရမည့် သဘောတူထားသည့် ကတိကဝတ်များကို လိုက်ပါဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် ဒုတိယဝန်ကြီး၊ ဦးသန်းအောင်ကျော်က အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက် ရေးဆွဲရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိကအချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင်က အာဆီယံ၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံက အကောင်အထည် ဖော်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပူးပေါင်း ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)