သထုံမြို့ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၅)ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲ ပထမရက် စတင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၅)ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲ ပထမရက် စတင်ကျင်းပ







MNP ၊  ဇွန်  ၂၁

မွန်ပြည်နယ်၊ သထုံမြို့ ၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၅)ကြိမ်မြောက် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲကို သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်အတွင်းရှိ သုခါဝါသကျောင်းဆောင်၌ ယနေ့ နေ့လည် ၁၂ နာရီအချိန်မှ စတင်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုကြကြောင်း သိရသည်။


စာမေးပွဲဖြေဆိုရာတွင် ပထမအဆင့်မှ သတ္တမအဆင့်အထိ ဝင်ရောက်ဖြေဆိုတော်မူကြသည့် သံဃာတော် ၁၁၂ ပါးနှင့် သီလရှင် ၆ ပါးတို့က အဆင့်အလိုက် ပထမကျမ်းကို စတင်ဖြေဆိုတော်မူကြပြီး စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့နာယကအဖွဲ့မှကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတို့က ကြီးကြပ်စောင့်ရှောက်ပေးကြကာ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း စသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်‌ပေးခဲ့ကြသည်။


သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံ အစုံစုံကို အဆင့် ၇ ဆင့်ခွဲ၍ တစ်ဆင့်လျှင် ၇ ကျမ်းဖြင့် ၇ ရက်ဖြေဆိုရကာ ကျမ်းပေါင်း ၄၉ ကျမ်းကို ၇ နှစ် ဝင်ရောက်ဖြေဆိုရပြီး ပထမ၊ ဒုတိယနှင့် တတိယအဆင့်တို့ကို ဖြေဆိုအောင်မြင်ပါက သာသနဇောတိပါလ ဓမ္မာစရိယ(ဒုတိယစာချ)ဘွဲ့ကိုလည်းကောင်း၊ စတုတ္ထနှင့် ပဉ္စမအဆင့်တို့ကို ဆက်လက်အောင်မြင်ပါက သာသနဟိတဂဏဝါစက အာစရိယ(ပထမစာချ)ဘွဲ့နှင့် အဘိဝံသ ဘွဲ့ထူးတို့ကိုလည်းကောင်း၊ ဆဋ္ဌမနှင့် သတ္တမအဆင့်တိုကိုပါ အောင်မြင်ပါက ပိဋကတ္တယပါရဂူ ဘွဲ့ကိုလည်းကောင်း ဆပ်ကပ်လှူဒါန်းသည့် ထင်ရှားသည့် ပရိယတ္တိစာမေးပွဲကြီးဖြစ်သည်။


အဆိုပါစာမေးပွဲကို ၁၉၂၂ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ကြားကာလ၌ အကြောင်းကြောင်းတို့ကြောင့် ၅ ကြိမ်ခန့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း (၉၄)ကြိမ်မြောက်အထိ ပိဋကတ္တရပါရဂူဘွဲ့အား သံဃာတော် ၇၇ ပါး၊ သီလရှင် ၄ ပါးတို့အား ဆပ်ကပ်နိုင်ခဲ့ပြီး အဆင့်အတန်းအသီးသီးအလိုက် အောင်မြင်ကြသည့် ပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွန်းခဲ့ကြောင်း ယခုနှစ်တွင်(၉၅)ကြိမ်မြောက်အဖြစ် ‌ဇွန်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲ ၇ ရက်တာအတွင်း သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၁၈၂ ပါးတို့ ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားကြောင်း သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းမှ သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)