MNP - ဇွန် ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဘော်တွင်းကျေးရွာအုပ်စုရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ(၁၉၆)ဦးအား ပထမအကြိမ် (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင် ထံက သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၈)ရက်နေ့မှစတင်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းအချိန်ထိ ကျောင်းသားကျောင်းသူ (၃၅၈၄)ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment