ဘားအံမြို့၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

 


MNP - ဇွန်   ၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၂၀၂၂ ခုနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က အဆိုပါ ကျောင်း၊ လက်တွေ့ဆောင်(၂)၌ ကျင်းပသည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)တွင် ဒီပလိုမာအပ်နှင်းသဘင်(၄)ကြိမ် ပြုလုပ်ခဲ့ပြီး မောင်မယ်(၂၄၂)ဦးကို နိုင်ငံတော်၏ စိုက်ပျိုးရေးနယ်ပယ်အတွက် အင်အားသစ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကျောင်းတွင်လိုအပ်လျက်ရှိသော စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စိုက်ပျိုးမွေးမြူရေးနှင့်သက်ဆိုင်သော အထောက်အပံ့များကို လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒီပလိုမာနှင့် ရောင့်ရဲမနေဘဲ B.Ag, M,AG နှင့် ပါရဂူဘွဲ့များထိဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့သင်ယူတတ်မြောက်ခဲ့သော စိုက်ပျိုးရေးပညာဖြင့် မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် တောင်သူများ၏ဘဝကို မြှင့်တင်နိုင်ရန် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာကျော်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသား/သူများ ကိုယ်စား တတိယနှစ် ကျောင်းသူဟောင်းတစ်ဦးက ကြိုဆိုနှုတ်ဆက်စကား ပြောကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မောင်မယ်သစ်လွင်များအတွက် ထောက်ပံ့ငွေကျပ် ကိုးသိန်းနှစ်သောင်းကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူသည်။


စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်(၂၀၂၂ခုနှစ်)တွင် စိုက်ပျိုးရေးဒီပလိုမာ သင်တန်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ ၁၁၈ ဦးရှိပြီး မောင်မယ်သစ်လွင် ကြိုဆိုပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)