MNP - ဇွန် ၁၀
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၈ ရက်၊ ည ၁၁ နာခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ညောင်ပလင်ကျေးရွာအတွင်းရှိ နေအိမ် ၇ လုံးပြိုကျပြီး ၂၂ လုံးအမိုးလန် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ၊ ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာခွဲအချိန်က ဘီးလင်းမြို့နယ်၊ ညောင်ပလင်ကျေးရွာ၊ ရွှေကျောင်းကြီး ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် ထောက်ပံ့ပစ္စည်း များပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ် အစိုးရမှထောက်ပံ့ငွေ (၃၂၅၃၄၀၀) ကျပ်နှင့်အဝတ် mask ၁၂၇၀ခု၊ ငါးသေတ္တာ ၁၂၇ ဘူး Hand Gel ၁၂၇ ဘူး၊ ကာဘော်လစ်ဆပ်ပြာ ၁၂၇ တောင့်နှင့် မိုးကာလိပ် ၃ လိပ်ကို လည်းကောင်း၊ မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ပြိုကျ၊ ပျက်စီး နေအိမ် ၂၉ လုံးအတွက် ဆန်ရိက္ခာ ၇ ရက်စာအဖြစ် ထောက်ပံ့ငွေ ကျပ် (၁၆၂၆၇၀၀) ကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေက ပြိုကျနေအိမ် ၇ လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း ၁၇ မျိုးပါပုံး ၇ပုံးကိုလည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ငွေကျပ် (၃၈၀၀၀၀) တန်ဖိုးရှိ လတ်တလော ရိက္ခာခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်ကတ်များကိုပေးအပ်ခဲ့ကြ ရာ လေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ထူးနောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment