တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကော့သောင်းခရိုင်အတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကော့သောင်းခရိုင်အတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး








MNP - ဇွန်   ၃


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်အတွင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်း သား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့၊ အထကက(၁)နှင့် အလက(၂)အထကခွဲကျောင်းများသို့ရောက်ရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများ စတင်ပညာသင်ကြားနေမှုအခြေအနေနှင့် အသက်(၅)နှစ်မှအထက် ကျောင်းသား/သူများအား ကိုဗစ်၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးပြီးတိုးချဲ့ကျောင်းဆောင်သစ်ဆောက်လုပ်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိကာ ကော့သောင်းခရိုင်၏ လူဦးရေစာရင်း နိုင်-၄ မှတ်တမ်းများအားကွန်ပျူတာနည်းပညာ E.ID စနစ် ဖြင့် Excel Format ထည့်သွင်းနေမှုအား ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား နိုင်ငံသား များ၏ တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များအား ထည့်သွင်းခြင်းဖြစ်၍ ဂရုတစိုက် အမြန်ဆုံးဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး ဝန်ထမ်းများသို့ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။


ဆက်လက်၍ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့မဆိပ်ကမ်းတံတားသို့ရောက်ရှိပြီး မြန်မာထိုင်း အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် ဖင့်လှစ်ရာတွင် နှစ်နိုင်ငံခရီးသွားပြည်သူများ လွယ်ကူ အဆင်ပြေစေရန်နှင့် နယ်စပ်ဖြတ်သန်းမှုလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများမဖြစ်ပေါ်စေရေး နယ်စပ်ဖြတ်သန်းမှုဆိုင်ရာ ရုံးအဆောက်အဦများ တိုးချဲ့ဆောက်လုပ်ရန်နှင့် မြန်မာထိုင်းနှစ်နိုင်ငံနယ်စပ်ဖြတ်သန်းမှု မွေတော်ကျွန်းစစ်ဆေးရေးဂိတ် အဆောက်အဦပြန်လည် တိုးချဲ့မွမ်းမံ ပြင်ဆင်နိုင်ရေး တာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်ဆောင်ရွက်ပေးသည်။


ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမင်းဝံ၊ ပုညကုသလ ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ(မူလဒွာရ) ရွှေမင်းဝံပုညကုသလ ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဇောတအား ဖူးမျှော်ကြည်ညိုကာလှူဘွယ်ဝတ္တုများဆက်ကပ်လှူဒါန်းသည်။


ထို့နောက် မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်သည် အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံတံတားရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ရွေ့ပြောင်းအလုပ်သမားရုံးသို့ရောက်ရှိပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာမည့် မြန်မာအလုပ်သမားများအား အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများက လို့အပ်သည့် စစ်ဆေးမှုများဆောင်ရွက်နေသည့် အခြေအနေအားကြည့်ရှုစစ်ဆေးပြီး ထိုင်းနိုင်ငံ သို့ထွက်ခွာမည့် မြန်မာအလုပ်သမားများအား  မိမိနိုင်ငံဂုဏ်သိက္ခာမြှင့်တင်အောင် ရိုးသားကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း တိုက်တွန်းအားပေးစကားပြောဆိုမှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)