တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေး







MNP - ဇွန်   ၃


စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ဇီဝလုံခြုံမှု အဆင့်အတန်းမြင့်စနစ်ဖြင့် အသားတိုးဝက်များ မွေးမြူလျက်ရှိသည့် ပန်းတနော်မြို့နယ်၊ ဘဝိုင်းကွင်းကျေးရွာရှိ Htoo Htet Han Co,Ltd သို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အသားတိုးဝက်ပေါက်များ မွေးမြူမှုအခြေအနေများ၊ ဈေးကွက်ဝင် အသားတိုးဝက်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဖြန့်ဖြူးရောင်းချရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိအသားတိုး ဝက်ကောင်ရေ ၆၅၀ ဆန့် အဆောက်အဦ ၄ လုံး၌ သားခွဲဝက်ငယ် ၂၄၀၀ အား ထည့်သွင်းမွေးမြူထားရှိပြီး နောက်ထပ်အဆောက်အဦ ၄ လုံး တိုးချဲ့ဆောက်လုပ် မွေးမြူသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မွေးမြူရေးလုပ်ငန်းများ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်စေရေး၊ မှတ်တမ်းများ စနစ်တကျ ရေးသွင်းဆောင်ရွက်စေရေး မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်သို့ ရောက်ရှိ၍ ရေချိုသားဖောက်စခန်းတွင် မျိုးစပ်ငါးတန် သားဖောက်မွေးမြူထားမှု အခြေအနေများ၊ မြေသားကန်များတွင် ငါးများကို စနစ်တကျ မွေးမြူထားရှိမှု အခြေအနေများ၊ ဆောက်လုပ်ဆဲ အစာစက်ရုံ၊ အအေးခန်းစက်ရုံ၊ စပါးခွံလောင်စာသုံး ဘွိုင်လာစက်ရုံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်အတွင်း Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်မှ ဥက္ကဋ္ဌ ဦးဌေးမြင့်က လုပ်ငန်းပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်အောင်မြင်နေမှုများ၊ လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငါးတန်မွေးမြူရေး၊ ငါးတန်မျိုးငါးရရှိရေး ဆောင်ရွက်မှုများမှာ တိုင်းဒေသကြီးနှင့်နိုင်ငံတော်၏ သားငါးထုတ်လုပ်မှုကဏ္ဍအတွက် များစွာ အထောက်အကူဖြစ်စေပါကြောင်း၊ စပါးခွံလောင်စာသုံး ဘွိုင်လာစက်ရုံနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေသည့်အတွက် လျှပ်စစ်လိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်မှာကို တွေ့ရှိရပါကြောင်းနှင့် ငါးတန်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများကို ပြည်တွင်းသာမက ပြည်ပဈေးကွက်ရရှိစေရေး ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး လုပ်ငန်းလိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်မှ ရန်ကုန် ဈေးကွက်သို့ တစ်နေ့လျှင် ကုန်မှာယူမှုအပေါ်မူတည်၍ ပျမ်းမျှတန်ချိန် ၂၀၀၀၀ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်ရှိ၊ SUPREME GROUP OF COMPANY (ဇီဝသဘာဝမြေသြဇာ)စက်ရုံသို့သွားရောက်၍ ဇီဝသဘာဝမြေသြဇာ ထုတ်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံတာဝန်ခံမှ ဇီဝသဘာဝမြေသြဇာ ထုတ်လုပ်ရောင်းချမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးကောင်းမွန်သော သဘာဝမြေသြဇာများ တွင်ကျယ်စွာ ထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)