ငြိမ်းချမ်းရေး တံခါးပေါက်က ဝင်ကြပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းရေး တံခါးပေါက်က ဝင်ကြပါ


ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ၂၀၂၂ ခုနှစ် ၊ မေလ ၆ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ကြားခဲ့ပါတယ်။ မေလ ၂၀ ရက်နေ့ကနေစပြီး ဆွေးနွေးလာခဲ့တာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA(PC) ၊ "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (မိုင်းလား) တို့နဲ့ တွေ့ဆုံဆွေးနွေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုမှာ ထူးခြားတဲ့ ဝိသေသတွေ ရှိနေပါတယ်။ တိုင်းရင်းသားတွေရဲ့ လိုလားတောင်းဆိုမှုတွေကို လိုက်လျောနိုင်သမျှ လိုက်လျောပေးသွားမှာဖြစ်တယ်ဆိုတဲ့ သတင်းစကားတွေလည်း ကြားသိခဲ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခင်မောင်ဆွေကလည်း တို့တာဝန်အရေးသုံးပါး မူထဲကနေ လိုက်လျောလို့ ရသမျှ လိုက်လျောသွားလိမ့်မယ်လို့ ပြောဆိုထားသလို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုနေတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း မိမိတို့ရဲ့ မူလတော်လှန်ရေးရည်မှန်းချက်အတိုင်း ဒေသခံ ပြည်သူများရဲ့ အကျိုးစီးပွား၊ တန်းတူအခွင့်အရေးအပေါ်မှာ ရပ်တည်သင့်ကြောင်းနဲ့ ပြည်ပ ပယောဂတွေကြောင့် မိမိတို့ရဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို မျက်ကွယ်မပြုသင့်ကြောင်း တိုက်တွန်းပြောဆိုထားတာ ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်တဲ့ အဖွဲ့တွေထဲက KNU/KNLA ( PC) နဲ့ ပတ်သက်လို့ သတင်းကောင်းတွေ ကြားသိရပါတယ်။ ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတုန်းကရှင်းလင်းပွဲတုန်းက ကရင်ပြည်နယ်၊ ဘားအံမြို့က တက်လာတဲ့ သတင်းအယ်ဒီတာတစ်ဦးက ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် အဖြစ် KNU/KNLA(PC) ထိန်းချုပ်နယ်မြေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ က ပြန်လာပြီးကတည်းက နိုင်ငံတော်က ပံ့ပိုးပေးမှုနဲ့ မွေးမြူရေးလုပ်ငန်းတွေ အကောင်အထည် ဖော်နေပြီဆိုတာကို ကြားသိခဲ့ရပါတယ်။ ဒီကနေ့ ၇-၆-၂၀၂၂ ရက်နေ့မှာတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနမှ KNU/KNLA(PC) ဌာနချုပ်ထို့ကော်ကိုးဒေသရှိ ကျောင်းသား /သူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့တာကို တွေ့မြင်ရပါတယ်။ ကျောင်းသား/ ကျောင်းသူများအတွက် ဗလာစာအုပ်ဒါဇင်(၁၅၀၀)နှင့် KG တန်းမှ Grade 10 ထိ ကျောင်းသုံး ပုံနှိပ်စာအုပ် ၅၃၀၃ စုံတို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကတော့ ဒေသခံပြည်သူတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ပညာရေး၊ စားဝတ်နေရေးကို စတင်အကောင်အထည် ဖော်လာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကောင်းကျိုးရလာဒ်လို့ ဆိုရမှာ ဖြစ်သလို ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို ဒေသခံပြည်သူများ စားသုံးခွင့် ရခြင်းပဲဖြစ်ပါတယ်။

ပြည်တွင်းပဋိပက္ခတွေ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်နေရခြင်းရဲ့ အကြောင်းအရင်းက ပြဿနာတစ်ခုတည်းကြောင့် မဟုတ်ဘဲ တိုင်းရင်းသားတွေအမြင်မှာ တန်းတူမရှိဘူးလို့ ယူနေတဲ့ ကိစ္စတွေများစွာ ရှိပါတယ်။ အဖုအထစ်လေးတွေကနေ အစိုင်အခဲ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲတွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲက တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ၊ တောင်းဆိုချက်တွေကို ဘယ်လောက်အထိ လိုက်လျောမှာလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ခွဲမထွက်ဘူးဆိုတဲ့ ကတိကဝတ်တစ်ခုပဲ လိုတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးအတွက် ပြယုဂ်တစ်ခုက ဘာလဲဆိုရင်တော့ မေလထဲမှာပဲ မွန်ပြည်နယ်မှာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲတွေ ဖြေဆိုနိုင်ခဲ့တယ်။ မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့တွေက မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအခမ်းအနားတွေကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လိုလားချက် မိမိတို့ စာပေနှင့် ယဉ်ကျေးမှုကို မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်ကို လက်ရှိနိုင်ငံတော် တာဝန်များကို လွှဲပြောင်းတာဝန်ယူထားရတဲ့ အစိုးရက အလိုက်တသိ ဆောင်ရွက်ပေးနေခြင်းပါပဲ။ 

မွန်ပြည်နယ်မှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုက ချောင်းဆုံမှာ တံတားဆောက်ပြီး ဗိုလ်ချုပ်အမည်တပ်ထားတာကို ဒေသခံပြည်သူတွေက လုံးဝမလိုလားပါဘူး။ ဒါကို ယခင် အစိုးရက ဇွတ်လုပ်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေရဲ့ အသံကို လုံးဝအလေးမထားခဲ့ပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံပြည်သူတွေ တပ်လိုတဲ့ အမည်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ရွေးကောက်ခံအစိုးရတစ်ရပ် မဟုတ်သည့်တိုင်အောင် ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဖော်ဆောင်ပေးခဲ့တဲ့ ပြယုဂ်ပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ သဘောထားမှန်ကို သိလို့ မွန်ပြည်သစ်ပါတီက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စောလျင်စွာ ရောက်ရှိလာတယ်လို့ ဆိုချင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေကို စစ်တမ်းကောက်လို့ ရနိုင်ပါတယ်။ ငြိမ်းချမ်းရေးကို မလိုလားတဲ့ ပြည်သူ ဘယ်သူ ရှိမလဲ။ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်အုပ်စုနဲ့ အပေါင်းအပါတွေက လွဲရင် ပြည်သူတစ်ရပ်လုံးဟာ ငြိမ်းချမ်းရေးကို ငံ့လင့်နေကြခြင်းဖြစ်ပါတယ်။ 

နစက ရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို အလိုက်တသိ ဖော်ဆောင်ပေးနေသလို တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ချက်နဲ့ ဖျက်ဆီးနေသူတွေအပေါ်မှာတောင် တင်းမာတဲ့ သဘောထားမျိုး ယနေ့ထိတိုင်အောင် မတွေ့ရပါဘူး။ ပြည်ပြေးတွေရဲ့ လှုံ့ဆော်မှုကြောင့် လမ်းမှားရောက်ခဲ့တဲ့ လူငယ်တွေကို တတ်နိုင်သမျှ ကယ်တင်ပြီး မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးနေတာတွေကိုလည်း မြင်တွေ့ရပါတယ်။ နိုင်ငံရေးကို စေ့စပ်သေချာစွာ ဆန်းစစ်ခြင်းမရှိဘဲ ဝါဒဖြန့်လှုံ့ဆော်မှုတွေနောက်မှာ ငိုက်မြည်းနေကြသူတွေနေနဲ့လည်း မိမိတို့ရဲ့ သားသမီးတွေ လမ်းမှားကို ထပ်မရောက်အောင် ထိန်းသိမ်းကြဖို့ အသိတရားတော့ ရှိသင့်ပါပြီ။

စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တာနဲ့ တပြိုင်နက် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားစာပေထည့်သွင်း သင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေခြင်းဟာလည်း တိုင်းရင်းသားတွေရဲ့ အလိုဆန္ဒကို အလေးထား ဖြည့်ဆည်းပေးနေခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဟာ ရွေးကောက်ခံ အစိုးရမဟုတ်သည့်တိုင်အောင် လွှတ်တော် သက်တမ်း နှစ်ဆက်မှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသံတွေ သူတို့မှာ မှတ်တမ်းရှိနေတယ်။ တိုင်းရင်းသားတွေ ဘာတွေကို လိုလားတယ်ဆိုတာ သူတို့ မှတ်တမ်းမှာ ရှိနေတဲ့အတွက် တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို အလိုက်တသိနဲ့ ဖြည့်ဆည်းပေးနေတဲ့ အစိုးရတစ်ရပ်အဖြစ် မြင်တွေ့လာရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် ဆွေးနွေးဖို့ အကြောင်းပြန်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ အနက်က (၅) ဖွဲ့အထိ တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ပါပြီ။ သဘောတူညီချက်တွေကို အပြန်လည်အလှန် လက်မှတ်ရေးထိုးနေတဲ့ ပုံရိပ်တွေက ပြည်သူတွေရဲ့ လိုလားချက်ကို အလေးထားဖော်ဆောင်နေကြပါလားလို့ ဝမ်းမြောက်ကြည်နူးဖွယ် မြင်ကွင်းများ ဖြစ်ခဲ့ပါတယ်။

တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေထဲက တန်းတူအခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စီးပွားရေး၊ ပညာရေး၊ စာပေနှင့် ယဉ်ကျေးမှု အစရှိတဲ့ လိုလားချက်တွေ ပါဝင်သလို မိမိတို့ ပြည်နယ်ကို မိမိတို့ အုပ်ချုပ်ခွင့် ရရှိရေး ဆိုတဲ့ အန္တိမ ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်ပါတယ်။ အခု ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီး KNU/KNLA ( PC) ထိန်းချုပ်နယ်မြေမှာ မွေးမြူရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာသလို ဒေသခံပြည်သူတွေ ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်းတွေလည်း ပွင့်လာတယ်။ 

မိမိတို့ ဒေသမှာ အကြမ်းဖက်သမားတွေကို လက်ခံထားပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ဒေသတွေမှာ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ နှိုင်းယှဉ်ပြီး သုံးသပ်ကြည့်ရင် မိမိတို့ဒေသခံ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးအောင် လုပ်နေတာက ဘယ်သူတွေလဲ။ 

ပြည်ပသြဇာခံ လက်ပါးစေ ပြည်ပြေးတွေရဲ့ သွေးထိုးမြှောက်ပင့်ပေးတဲ့လမ်းစဉ်နောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူများ ကြောင့် ဒေသခံပြည်သူများရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရခြင်းသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်၊ မိမိတို့ လမ်းစဉ်အတိုင်းသာ လျှောက်လှမ်းနေကြသူတွေဟာ ပြည်သူရဲ့ ဆန္ဒနဲ့ မဆန့်ကျင်ပါဘူး။ 

နိုင်ငံရေးအတ္တတွေနဲ့ ပြည်ပသြဇာခံ အဖျက်သမားတွေရဲ့ စကားကို နားယောင်နေတဲ့ ခေါင်းဆောင်တွေ ကြီးဆိုးတဲ့ ဒေသများမှာ ဒေသခံ ပြည်သူများဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို စားသုံးခွင့်မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ တိုင်းရင်းသားပြည်သူလူထုကို ကိုယ်စားပြုပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နောက် လိုက်ခဲ့ကြတဲ့ ခေါင်းဆောင်များအနေနဲ့ ကိုယ်ကျိုးစီးပွားတစ်ခုကိုသာ ရှေ့တန်းမတင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ဒေသခံပြည်သူများရဲ့ အခြေခံရပိုင်ခွင့်တွေ ရရှိခံစားနိုင်အောင် ငြိမ်းချမ်းရေးတံခါးကို ခေါက်ကြပါတော့လို့သာ တိုက်တွန်းလိုက်ရပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)