ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်များရှိ ပညာရေးဝန်ထမ်းများတွေ့ဆုံ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်များရှိ ပညာရေးဝန်ထမ်းများတွေ့ဆုံ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး

 






MNP - ဇွန်   ၁


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရေးဝန် ထမ်းများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံညှိနှိုင်းခြင်းများကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညှင်းဗဟိုအကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ခံဒုတိယညွှန်ကြားရေးမှူးက အကျဉ်းထောင်ဆိုင်ရာ အချက်အလက်များ၊ လုံခြုံရေး၊ စီမံအုပ်ချုပ်ရေးနှင့် ထောက်ပံ့ပေးမှုဆိုင်ရာကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အကျဉ်းထောင်အတွင်း စီမံဆောင်ရွက်ထားရှိမှုများနှင့် အကျဉ်းသားအိပ်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ထိုနောက် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)သို့ သွားရောက်၍ အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဌာနမှူးဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာကြားပြီး ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာအချက်အလက်များ၊ သင်ကြားရေးလုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ် ကျောင်းအတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်နိုင်ရေး အားကစားအထောက်အကူပြုပစ္စည်းများ တပ်ဆင်ထောက်ပံ့ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကောလိပ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေကျပ် ၅၇၈.၂၂၃ သန်းဖြင့် (၁၉၂×၃၈)ပေ၊ RC (၃)ထပ် စာသင်ဆောင်သစ်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယင်းနောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာန၏ ကယ်ဆယ်ရေးအထောက်အကူ ပြုနည်းပညာသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် ကူညီထောက်ပံ့မှုပေးနိုင်ရေး ကယ်ဆယ်ရေး ပစ္စည်းများစုဆောင်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးညှင်းတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းမျာနှင့်တွေ့ဆုံကာ သင်ကြားရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ၊ အသိပညာများကို သင်ကြားပို့ချပေးရမည့်အပြင် ဆရာတို့၏ ကျင့်ဝတ်ငါးသွယ်နှင့်အညီ နိုင်ငံတော်၏ အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေး၊ ကျောင်းသား/ကျောင်းသူများအား ပညာရည်မြင့်မားရေး၊ အတွေးအခေါ်ခံယူချက်၊ ရပ်တည်မှုမှန်ကန်စေရေး အလေးထား သင်ကြားထိန်းကြောင်းပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသား/ ကျောင်းသူများ ပညာအပြည့်အဝ ဆုံးခမ်းတိုင်အောင် သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ချုပ်သူများ၊ ဒေသအာဏာပိုင်အဖွဲ့ အစည်းအသီးသီးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရေး အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ကျောင်းဆိုင်ရာအချက်များ၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အတွက် အားကစားအထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ရာ ပါမောက္ခဌာနမှူးများက သုတေ သနပြုစုထားသည့် စာတမ်းများအား ပြည်နယ်ဝန်ကြီးထံ ဂါဝရပြုပေးအပ်မှုကို လက်ခံရယူပြီး ဆရာ/ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။


ထို့နောက် တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ခွင့်ပြုရန်ပုံငွေကျပ် ၇၈၂.၁၀၀ သန်းဖြင့် (၆)ခန်းတွဲ (၁၉၂ × ၃၈)ပေ၊ RC (၃)ထပ် စာသင်ဆောင်သစ် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် အောင်သပြေရပ်ကွက်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းတည်ဆောက်ထားသည့် ကံသာဦးအောက်စီဂျင် စက်ရုံလည်ပတ်နိုင်မှုအခြေအနေနှင့် အောက်စီဂျင် အခမဲ့ဖြန့်ဖြူးပေးနိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နန့်ပုတ်ကျေးရွာရှိ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးရုံသို့ သွား‌ရောက်ကာ တာဝန်ခံဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၂၀ သိန်းကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ယင်း‌နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ပြည်နယ်၏ စားနပ်ရိက္ခာဖူလုံပိုလျှံလာစေရေး အထွက်တိုး မျိုးကောင်းမျိုးသန့် စပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာကို ယခုနှစ်တွင်ဧက ၈၀၀၀ ကျော်စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအတွက် ဓာတ်မြေ သြဇာအိတ်များနှင့် ဆင်းဧကရီ-၃ မျိုးစပါးမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)