၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေ။ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေ။



၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေ။

[၁၉၅၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၇။]

(၁၉၅၉ ခု၊ မတ်လ ၁၁ ရက်။)


အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤအက်ဥပဒေကို၊ ၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဟုခေါ်တွင်စေရမည်။


(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမ္မတက၊ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်။


အဓိပ္ပါယ်ဖော်ပြချက်။


၂။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျင်-


(က) “တပ်မတော်”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကို ဆိုလိုသည်။


(ခ) “ဆရာဝန်”ဆိုသည်မှာ၊ ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာ အက်ဥပဒေပါ ပြဋ္ဌာန်းချက်အရ ထားရှိသော ဆရာဝန်မှတ်ပုံစာရင်းတွင် အမည်ပါရှိသူ တစ်ဦးဦးကို သော်လည်း ကောင်း၊ ထိုအက်ဥပဒေအရ မှတ်ပုံတင်ပိုင်ခွင့်ရှိသူ တစ်ဦးဦးကို သော်လည်းကောင်းဆိုလိုသည့်ပြင်၊ ထိုစကားရပ်တွင် သွားဘက်ဆိုင်ရာဆရာဝန်များလည်းပါဝင်သည်။


(ဂ) “အင်ဂျင်နီယာ”ဆိုသည်မှာ၊ အသိအမှတ်ပြုတက္ကသိုလ်၊ သို့တည်းမဟုတ် ကျောင်းကပေးအပ်သော အင်ဂျင်နီယာဘွဲ့ရသူ၊ သို့တည်းမဟုတ် ဒီပလိုမာ ရသူကိုသော်လည်းကောင်း၊ အလားတူဘွဲ့ သို့တည်းမဟုတ် အလားတူဒီပလိုမာ ရသူကိုသော်လည်းကောင်း ဆိုလိုသည်။


(ဃ) “ကျွမ်းကျင်သူ” ဆိုသည့်စကားရပ်တွင် ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ စက်မှုလက်မှု ပညာတတ်မြောက်သူများနှင့် အခြားအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းသူများပါဝင်သည်။


(င) “စစ်မှုထမ်းအရွယ်ရောက်သူ” ဆိုသည်မှာ၊ ယောက်ျားဖြစ်လျှင်၊ အသက် ၁၈ နှစ်ပြည့်၍၊ အသက် ၄၆ နှစ်မပြည့်သေးသော ပြည်ထောင်စုနိုင်ငံသားကို လည်းကောင်း၊ မိန်းမဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်၍၊ အသက် ၃၆ နှစ်မပြည့်သေးသော ပြည်ထောင်စုနိုင်ငံသားကိုလည်းကောင်း၊ ဆရာဝန်၊ သို့တည်းမဟုတ် အင်ဂျင်နီယာ၊ သို့တည်းမဟုတ် အခြားကျွမ်းကျင်သူဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်၍၊ အသက် ၅၆ နှစ်မပြည့်သေးသူကိုလည်းကောင်း ဆိုလိုသည်။


(စ) “ယခင်အလုပ်ရှင်” ဆိုသည်မှာ၊ အလုပ်တွင် ပြန်လည်ခန့်ထားရေးအတွက် လျှောက်ထားသူနှင့် စပ်လျဉ်း၍၊ အဆိုပါလျှောက်ထားသူအား၊ စတင်အမှုထမ်းရွက်သည့်နေ့ရက်နှင့် ကြားကာလမရှိ တစ်ဆက် တည်း အလျင်ကျရောက်သော ရက်သတ္တလေးပတ်အတွင်း နောက်ဆုံးအလုပ်လုပ်စေခဲ့သည့် ယခင် အလုပ်ရှင်ကို ဆိုလိုသည်။ ထိုစကားရပ်တွင် အောက်ပါသူတို့လည်းပါဝင်သည်။


(၁) လုပ်ငန်း၊ သို့တည်းမဟုတ် အလုပ်အကိုင်တစ်ခုတည်းတွင် အဆိုပါယခင်အလုပ်ရှင်နောက်၊ ဆက် လက်ဆောင်ရွက်သူ၊ သို့တည်းမဟုတ်၊


(၂) အဆိုပါလျှောက်ထားသူအား အလုပ်တွင်ပြန်လည် ခန့်ထားရေးနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရာဝယ် ထို ယခင်အလုပ်ရှင်ကိုဖြစ်စေ၊ ထိုယခင်အလုပ်ရှင်နောက်၊ ဆက်လက်ဆောင်ရွက်သူကိုဖြစ်စေ၊ ကြီးမှူး အုပ်ချုပ်သည့် အဓိက အလုပ်ရှင်။


(ဆ) “အလုပ်ရှင်” ဆိုသည်မှာ၊ စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်းခံရသည့် အလုပ်သမားနှင့်စပ်လျဉ်း ၍၊ အဆိုပါ အလုပ်သမားအား၊ အလုပ်ရပ်စဲပိုင်ခွင့်ရှိသူကို ဖြစ်စေ၊ အာဏာပိုင်ကိုဖြစ်စေ၊ ထိုသူ၊ သို့တည်းမဟုတ် ထိုအာဏာပိုင်နောက် ဆက်လက်ဆောင်ရွက်သူကိုဖြစ်စေ၊ ဆိုလိုသည့်ပြင်၊ ထိုစကားရပ် တွင်၊ အဆိုပါ အလုပ်သမားအား အလုပ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရာဝယ်၊ ထိုအလုပ်ရှင်အား ကြီးမှူးအုပ်ချုပ်သည့် အဓိကအလုပ်ရှင်လည်းပါဝင်သည်။


(ဇ) “အလုပ်သမား” ဆိုသည်မှာ၊ အခိုက်အတန့် အလုပ်ခန့်ထားခြင်းခံရသူမှတစ်ပါး၊ အလုပ်ရှင်နှင့် ချုပ် ဆိုသည့် အောက်ပါပဋိညာဉ်စာချုပ်တစ်ခုခုအရ အလုပ်ဝင်ရောက်လုပ်ကိုင်သူကို ဆိုလိုသည်။


(၁) လက်နှင့်လုပ်ရသည့်အလုပ်၊ သို့တည်းမဟုတ် စာရေးစာချီအလုပ်၊ သို့တည်းမဟုတ် အခြားအလုပ် အတွက် ချုပ်ဆိုသည့် ပဋိညာဉ်စာချုပ်၊


(၂) အလုပ်လုပ်ရန်၊ သို့တည်းမဟုတ် အလုပ်သင်ရန် ချုပ်ဆိုသည့် ပဋိညာဉ်စာချုပ်၊


(၃) အတိအလင်းချုပ်ဆိုသည့်၊ သို့တည်းမဟုတ် ချုပ်ဆိုသည့်သဘော သက်ရောက်သောပဋိညာဉ် စာချုပ်၊ သို့တည်းမဟုတ်


(၄) စာဖြင့်ချုပ်ဆိုသည့် ပဋိညာဉ်စာချုပ်၊ သို့တည်းမဟုတ် နှုတ်ပဋိညာဉ်။ သို့သော်လည်း ထိုစကား ရပ်တွင်၊ နိုင်ငံတော်သမ္မတက၊ အထူးအမိန့်ဖြင့် ကြေညာထားသူများ၊ သို့တည်းမဟုတ် ကြေညာထားသူ အမျိုးအစားများမပါဝင်ချေ၊


(ဈ) “အိမ်ထောင်သားစု” ဆိုသည်မှာ၊ မိဘများ၊ လင်၊ သို့တည်းမဟုတ် မယား၊ သားသမီးများ၊ ညီအစ်ကို မောင်နှမများကို ဆိုလိုသည်။


(ည) “သတ်မှတ်သည်” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေများဖြင့် သတ်မှတ်သည်ကို ဆိုလိုသည်။


(ဋ) “သာသနာ့ဝန်ထမ်း”ဆိုသည်မှာ -


(က) ဗုဒ္ဓဘာသာအတွက်ဖြစ်လျှင်၊ ဗုဒ္ဓသာသနာတော်ဝန်ကို အစဉ်ထမ်းရွက်နေသောရဟန်းနှင့် သာမဏေကို ဆိုလိုသည့်ပြင်၊ ထိုစကားရပ်တွင် အောက်ပါစည်းကမ်းချက်များအတိုင်း လိုက်နာကျင့်သုံး နေထိုင်သော မယ်သီလများလည်းပါဝင်သည်။


(၁) ရဟန်းသာမဏေများကဲ့သို့ ဆံပင်ကိုရိတ်ပယ်ခြင်း၊


(၂) ရဟန်းသာမဏေများကဲ့သို့ အိမ်ထောင်မပြုခြင်း၊


(၃) ရှစ်ပါးသီလ၊ သို့တည်းမဟုတ် ဆယ်ပါးသီလမြဲခြင်း၊


(၄) ပရဗိုဇ်ရဟန်းတို့ အသုံးအဆောင်ဖြစ်သော မြေနီဆိုးအဝတ်ကို အမြဲဝတ်ခြင်း၊


(၅) လူများကဲ့သို့ လူမှုကိစ္စနှင့် စီးပွားရေးကိစ္စများကို မဆောင်ရွက်ခြင်း၊


(၆) လူများနှင့်အတူ ရောယှက်မနေဘဲ၊ ကျောင်း၊ ကျောင်းတိုက်၊ ဇရပ် စသည့် သီးခြား အဆာက်အဦများ၌ နေထိုင်ခြင်း၊ ထို့ပြင်


(၇) ရဟန်းသာမဏေများကဲ့သို့ ဗုဒ္ဓပိဋကတ်ကျမ်းဂန်တို့ကို သင်အံပို့ချဆောင်ရွက်လျက်၊ ပရိယတ္တိ သာသနာတော်ကို စောင့်ရှောက်ချီးမြှောက်ခြင်း၊ သို့တည်းမဟုတ် ကမ္မဌာန်းဘာဝနာကို ပွားများအား ထုတ် လျက်၊ ပဋိပတ္တိသာသနာနှင့် ပဋိဝေဓသာသနာကို စောင့်ရှောက်ချီးမြှောက်ခြင်း။


(ခ) ခရစ်ယာန်ဘာသာအတွက်ဖြစ်လျှင် သာသနာဝန်ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသောပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches)က အသိအမှတ် ပြု၍ သိက္ခာပေးထားခြင်းခံရသော၊ သို့တည်းမဟုတ် တာဝန်ပေးထားခြင်းခံရသော ပုဂ္ဂိုလ်၊ သို့တည်းမ ဟုတ် မိမိတို့ကိုးကွယ်သောဘာသာအရ ဂိုဏ်းချုပ်၏အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက်လက်ခံ၍ ဘာသာ ရေး စည်းမျဉ်း၊ သို့တည်းမဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသောပုဂ္ဂိုလ်တစ်စုတွင်၊ သို့တည်းမဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်ကို ဆိုလိုသည်။


(ဂ) ဟိန္ဒူဘာသာအတွက်ဖြစ်လျှင်၊ စံယာစီ၊ မဟန့်၊ သို့တည်းမဟုတ် ဟိန္ဒူဘုန်းတော်ကြီးတို့ကို ဆိုလိုသည်။


စစ်မှုထမ်းရွက်ရမည့်တာဝန်။


၃။ ။ ဤအက်ဥပဒေတွင် သီးခြားဖော်ပြထားသည့်၊ ပြည်ထောင်စုနိုင်ငံသားတိုင်းကို၊ နှစ်မျိုးခွဲခြားပြီး စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။ ထိုနှစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။


(က) အချိန်ပြည့်စစ်မှုထမ်းခြင်း။


(၁) ယောက်ျားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်၍ အသက် ၃၅ နှစ်မပြည့်သေးသော ပြည်ထောင်စု နိုင်ငံသား တိုင်းကို၊ ၆ လအောက်မနည်း၊ ၂၄ လထက်မပိုသည့် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော ကာလ အပိုင်းအခြားမျှ စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည်။


(၂) မိန်းမဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်၍ အသက် ၂၇ နှစ်မပြည့်သေးသော ပြည်ထောင်စု နိုင်ငံသားတိုင်းကို၊ ၆ လအောက်မနည်း၊ ၂၄ လထက်မပိုသော နည်းဥပဒေများဖြင့် သတ်မှတ်ထားသော ကာလအပိုင်းအခြားမျှ စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည်။


(၃) အသက် ၁၈ နှစ်ပြည့်၍ အသက် ၃၅ နှစ်မပြည့်သေးသော ပြည်ထောင်စု နိုင်ငံသားတိုင်းသည်၊ တပ်မတော်စက်မှုလက်မှုတပ်(Technical Units) ဟု သတ်မှတ်ထားသည့် တပ်များတွင် စစ်မှုထမ်းရ မည့်သူဖြစ်ပြီး [ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ သို့တည်းမဟုတ် ၎င်းက ပုဒ်မ ၁၅ အရ သီးခြားဖော်ပြသည့် အာဏာပိုင်က] ၎င်းအားဆက်လက် စစ်မှုထမ်းရန်လိုအပ်သည်ဟု ယူဆလျှင်၊ အဆိုပါ ပြည်ထောင်စုနိုင်ငံသားသည်၊ နောက်ထပ် ၁၂ လထက်မပိုသည့် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော ကာလအပိုင်းအခြားကို ဆက်လက်စစ်မှုထမ်းရမည်။ သို့ရာတွင် အထူးပညာ များတတ်မြောက်စေခြင်းငှာ ဖြစ်စေ၊ အထူးကျွမ်းကျင်သူတစ်ဦး ဖြစ်မြောက်စေ ခြင်းငှာဖြစ်စေ၊ ဆက်လက်သင်ကြားပေးရန် လိုအပ်သည်ဟု ဗဟိုအဖွဲ့ကယူဆလျှင်၊ သို့တည်းမဟုတ် အထူးကျွမ်းကျင် သူတစ်ဦးဟု အဖွဲ့ကယူဆပြီး၊ ဆက်လက် စစ်မှုထမ်းစေရန် လိုအပ်လျှင် ပြည်ထောင်စုနိုင်ငံသား တစ်ဦးအား ၅ နှစ်ထက် မပိုသော ကာလအပိုင်း အခြားမျှ ဆက်လက်စစ်မှုထမ်းနိုင်သည်။


(၄) မိန်းမဖြစ်လျှင် အသက် ၂၇ နှစ်ပြည့်၍ အသက် ၃၅ နှစ်မပြည့်သေးသောဆရာဝန်၊ သို့တည်းမဟုတ် အင်ဂျင်နီယာ၊ သို့တည်းမဟုတ် အခြားကျွမ်းကျင်သူတိုင်းကို ၂၄ လ ကာလအပိုင်းအခြားမျှ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။


(၅) ယောက်ျားဖြစ်လျှင် အသက် ၃၅ နှစ်ပြည့်၍ အသက် ၅၆ နှစ်မပြည့်သေးသော ဆရာဝန်၊ သို့တည်းမဟုတ် အင်ဂျင်နီယာ၊ သို့တည်းမဟုတ် အခြားကျွမ်းကျင်သူတိုင်းကို ၁၈ လ ကာလအပိုင်း အခြားမျှ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။


(ခ) အချိန်ပိုင်း စစ်မှုထမ်းခြင်း။


(၁) ယောက်ျားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်၍ အသက် ၄၆ နှစ်မပြည့်သေးသော ပြည်ထောင်စုနိုင်ငံသား တိုင်းကို၊ တစ်နှစ်လျှင် ရက်ပေါင်း ၃၀ ထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။


(၂) မိန်းမဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်၍ အသက် ၃၅ နှစ်မပြည့်သေးသော ပြည်ထောင်စု နိုင်ငံသားတိုင်းကို၊ တစ်နှစ်လျှင်ရက်ပေါင်း ၃၀ ထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။


(၃) တပ်ကြပ်နှင့် ၎င်းအထက်အဆင့်ရှိသည့် ပြည်ထောင်စုနိုင်ငံသားတိုင်းကို၊ အပိုဒ်(ခ) ၊ အပိုဒ်ခွဲ (၁) နှင့် (၂) တွင်ဖော်ပြထားသောရက်ပေါင်းအပြင်၊ တစ်နှစ်လျှင် ရက်ပေါင်း ၇ ရက်ထိပို၍ စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည်။


၄။ ။ စစ်ကြောင့်ဖြစ်စေ၊ နိုင်ငံတွင်း ဆူပူမှုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ် ဖြစ်စေအံ့သော အထူးအရေးတကြီး အခြေဖြစ်ပေါ်နေပြီဟူ၍သော်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံကို ထိခိုက်နေသော စီးပွားရေး အရေးတကြီးအခြေသည်၊ ပြည်ထောင်စုနိုင်ငံ၏ တစ်စိတ်တစ်ဒေသ၌ ပေါ်ပေါက်နေပြီဟူ၍သော်လည်းကောင်းယူဆလျှင် -


(က) နိုင်ငံတော်သမ္မတသည်၊ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရမည့် ပြည်ထောင်စုနိုင်ငံသားတစ်ဦးအား အမိန့်ဖြင့်၊ ၎င်း၏အလုပ်ခွင်၌ ရှိမြဲရှိစေရန်သော်လည်းကောင်း၊ ထိုအလုပ်ကို ဆက်လက်လုပ်ကိုင်စေရန် သော်လည်းကောင်း၊ အဆိုပါအမိန့်တွင်ဖော်ပြသည့် တပ်မတော်မှဖြစ်လျှင်၊ ဗိုလ်မှူးအဆင့် အောက်မနိမ့်သော၊ မြို့ပြဆိုင်ရာ အုပ်ချုပ်ရေးဘက်မှဖြစ်လျှင် ခရိုင်ဝန်၊ သို့တည်းမဟုတ် အခြားဝန်ထမ်း အဖွဲ့မှဖြစ်လျှင် အရွေးချယ်ခံတန်းအောက်မနိမ့်သော အာဏာပိုင်က ညွှန်ကြားသော အလားတူအခြား အလုပ်ကိုလုပ်ကိုင် စေရန်သော်လည်းကောင်း ဆင့်ဆိုနိုင်သည်။


(ခ) ဤအက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ၊ ဆရာဝန်များ၊ သို့တည်းမဟုတ် အင်ဂျင်နီယာများ၊ သို့တည်းမဟုတ် အခြားကျွမ်းကျင်သူများသည်၊ အသက်အရွယ်မရွေး စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း ခံထိုက် စေရမည့်ပြင်၊ ၎င်းတို့၏ရှိရင်းစွဲအလုပ်မှ အလားတူအခြားအလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့ခြင်းကိုလည်း ခံထိုက်စေရမည်။


[“ထိုဆရာဝန်များ၊ သို့တည်းမဟုတ် အင်ဂျင်နီယာများ၊ သို့တည်းမဟုတ် အခြားကျွမ်းကျင်သူများ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားသည်၊ နည်းဥပဒေများဖြင့် သတ်မှတ်သည့်အတိုင်းဖြစ်ရမည်။]


[“၄-က။ ။ (၁) ဤအက်ဥပဒေ အခြားနေရာများတွင် မည်သို့ပင်ပါရှိစေကာမူ၊ နိုင်ငံတော် တော်လှန်ရေး အစိုးရအဖွဲ့ ဥက္ကဋ္ဌက၊ နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင်၊ နိုင်ငံသားဆရာဝန် များသည်၊ အသက်အရွယ်မရွေး မည်သည့်အချိန်အခါမဆို မြို့ပြဆိုင်ရာအုပ်ချုပ်ရေး ဘက်တွင် အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံထိုက်စေရမည်။


(၂) ပုဒ်မခွဲ (၁) အရ၊ ဆင့်ခေါ်ခြင်းခံရသော နိုင်ငံသားဆရာဝန်များသည်၊ မိမိတို့စတင်ဝင်ရောက် အမှုထမ်း ရွက်သည့်နေ့ရက်မှ ၂ နှစ်မျှ မြို့ပြဆိုင်ရာ အုပ်ချုပ်ရေးဘက်တွင် အမှုထမ်းရွက်ရမည့်ပြင် အစိုးရက အလိုရှိပါက နောက်ထပ်တစ်နှစ်ဆက်လက်၍လည်း အမှုထမ်းရွက်ရမည်၊


(၃) ပုဒ်မခွဲ(င) အရ ဆင့်ခေါ်ခြင်းခံရသော နိုင်ငံသားဆရာဝန်များမှာ ဤအက်ဥပဒေအရ စစ်မှုထမ်းရဘိ သကဲ့သို့ တာဝန်ရှိရမည့်ပြင် အလုပ်အကိုင်ကို ကာကွယ်စောင့်ရှောက်ထားသည့် အခွင့်အရေးအားလုံး ကိုလည်းရရှိရမည်၊”]


အသက်ကိုတွက်ချက်ခြင်း။


၅။ ။ ဤအက်ဥပဒေပါ ကိစ္စအလို့ငှာ -


(က) တစ်ဦးတစ်ယောက်သောသူ၏အသက်ကို၊ အင်္ဂလိပ်ပြက္ခဒိန်အရ တွက်ချက်ရမည်။


(ခ) တစ်ဦးတစ်ယောက်သောသူသည်၊ အင်္ဂလိပ်ပြက္ခဒိန်နှစ်တစ်နှစ်တွင် -


(၁) ဇန်နဝါရီလ ၁ ရက်နေ့နောက်နှင့် ဇူလိုင်လ ၁ ရက် နေ့အလျင် ဤမည်သောအသက်ပြည့်လျှင်၊ အဆိုပါ နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အဆိုပါအသက်ပြည့်သည်ဟု မှတ်ယူရမည်။


(၂) ဇူလိုင်လ ၁ ရက်နေ့နောက်တွင် ဤမည်သော အသက်ပြည့်လျှင်၊ အဆိုပါနှစ် ဇူလိုင်လ ၁ ရက် နေ့တွင် အဆိုပါ အသက်ပြည့်သည်ဟု မှတ်ယူရမည်။


ဆင့်ခေါ်ခြင်းနည်းစနစ်။


၆။ ။ (၁) နိုင်ငံတော်သမ္မတသည်၊ ဤအက်ဥပဒေပါကိစ္စအလို့ငှာ၊ ဆင့်ခေါ်ရေးအဖွဲ့တစ်ဖွဲ့ကို၊ သို့တည်းမ ဟုတ် အဖွဲ့များကို၊ ဖွဲ့စည်းနိုင်သည်။


(၂) ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် ထိုအဖွဲ့က လိုက်နာရမည့် စည်းကမ်းနည်းလမ်းများကို နည်းဥပဒေ များဖြင့် သတ်မှတ်ရမည်။


၇။ ။ (၁) ဆင့်ခေါ်ရေးအဖွဲ့သည်၊ အမိန့်ဖြင့်၊ စစ်မှုထမ်းအရွယ်ရောက်သူ၊ ပြည်ထောင်စုနိုင်ငံသား တစ်ဦးအား၊ အမိန့်တွင်ဖော်ပြထားသောအချိန်၌ ဖော်ပြထားသောနေရာသို့ မှတ်ပုံတင်ရန်လာရောက် အကြောင်းကြားရမည်ဟု ဆင့်ခေါ်နိုင်သည်။


(၂) ပုဒ်မခွဲ (၁) အရ လာရောက်အကြောင်းကြားရန် ဆင့်ခေါ်ခြင်းခံရသော စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးသည်၊ အမိန့်တွင် ဖော်ပြထားသောအချိန်၌ ဖော်ပြထားသောနေရာသို့ လာရောက်အကြောင်းကြားရမည့်ပြင်၊ မိမိနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် အကြောင်းအရာများနှင့် မိမိဝင်ရောက်စစ်မှုထမ်းရွက်လိုသော တပ်၏အမည်ကို ဆင့်ခေါ်ရေးအဖွဲ့အားသော်လည်းကောင်း၊ ဤကိစ္စ အလို့ငှာ ဆင့်ခေါ်ရေးအဖွဲ့က ခန့်အပ်ထားသူအား သော်လည်းကောင်း ဖော်ပြအကြောင်းကြား ရမည်။


(၃) စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးသည်၊ ပုဒ်မခွဲ (၁) အရ လာရောက် အကြောင်းကြားရန် ဆင့်ခေါ်ခြင်းခံရသဖြင့်၊ ပုဒ်မခွဲ(၂) အရ မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက် ပြီးသည့်နောက်၊ ပုဒ်မခွဲ (၂)တွင် ရည်ညွှန်းသည့်အကြောင်းအရာများအနက်၊ နည်းဥပဒေများတွင် အရေးကြီးသည့် အကြောင်းအရာဖြစ်သည်ဟု သတ်မှတ်ထားသောအကြောင်းအရာတစ်ခုခု ပြောင်းလဲခဲ့ သော် ပြောင်းလဲခြင်းကို၊ ယင်းသို့ပြောင်းလဲသည့်နေ့ရက်မှ ၁၄ ရက်အတွင်း၊ ဆင့်ခေါ်ရေးအဖွဲ့အား သော်လည်းကောင်း၊ ဆိုခဲ့သည့်၊ ဆင့်ခေါ်ရေးအဖွဲ့က ခန့်ထားသူအားသော်လည်းကောင်း အကြောင်း ကြားရမည်။


(၄) ဆင့်ခေါ်ရေးအဖွဲ့သည်၊ အမိန့်ဖြင့်၊ အသက် ၁၇ နှစ်ပြည့်သော ပြည်ထောင်စုနိုင်ငံသား တစ်ဦးအား၊ ထိုအမိန့်တွင် ဖော်ပြထားသောအချိန်၌ ဖော်ပြထားသောနေရာသို့ မှတ်ပုံတင်ရန်လာရောက် အကြောင်း ကြားရမည်ဟု ဆင့်ခေါ်နိုင်သည်။ အဆိုပါ အမိန့်ကို ရရှိသော ပြည်ထောင်စုနိုင်ငံသားသည်၊ စစ်မှုထမ်း အရွယ်ရောက်သူ ဖြစ်ဘိသကဲ့သို့၊ ပုဒ်မခွဲ (၂) နှင့် (၃) ပါပြဋ္ဌာန်းချက်များသည်၊ ၎င်းနှင့်သက်ဆိုင် စေရမည်။


(၅) ဆင့်ခေါ်ရေးအဖွဲ့သည်၊ နည်းလမ်းတကျ မှတ်ပုံတင်ပြီးသူအား၊ မှတ်ပုံတင်သက်သေခံ လက်မှတ် ထုတ်ပေးရမည်။


(၆) မှတ်ပုံတင်သက်သေခံလက်မှတ်ကိုထုတ်ပြရန်၊ နည်းလမ်းတကျ အာဏာလွှဲအပ်ထားခြင်းခံရသော ရဲအမှုထမ်းကဖြစ်စေ၊ စစ်အမှုထမ်းကဖြစ်စေ၊ အခြားသူတစ်ဦးဦးကဖြစ်စေ၊ မည်သည့်အခါ မဆိုတောင်း ဆိုလျှင်၊ မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိသူသည်၊ ထိုမှတ်ပုံတင်သက်သေခံလက်မှတ်ကို၊ အဆိုပါရဲ အမှုထမ်း၊ သို့တည်းမဟုတ် စစ်အမှုထမ်း၊ သို့တည်းမဟုတ် အခြားသူတစ်ဦးဦးအား ထုတ်ပြရမည်။ မှတ်ပုံတင်လက်မှတ်မပါရှိလျှင်၊ ၇ ရက်ထက်မပိုသော ကာလအပိုင်းအခြားအတွင်း၊ ထိုသူသည်၊ အဆိုပါအမှုထမ်းက ရေးသားညွှန်ကြားသည့် ထိုသူနေထိုင်ရာအရပ်နှင့်အနီးဆုံး ရဲဌာနသို့ဖြစ်စေ၊ အနီးဆုံးစစ်တပ်သို့ဖြစ်စေ၊ အနီးဆုံးအခြားနေရာတစ်ခုခုသို့ဖြစ်စေ ကိုယ်တိုင်လာရောက်၍ မှတ်ပုံတင် သက်သေခံလက်မှတ်ကိုပြရမည်။


သို့ရာတွင် အဆိုပါကာလအပိုင်းအခြားအတွင်း၊ မကျန်းမာ၍ဖြစ်စေ၊ အခြားလုံလောက်သော အကြောင်းရှိ၍ ဖြစ်စေ၊ မှတ်ပုံတင်သက်သေခံလက်မှတ်ကို လာရောက်၍ မပြနိုင်လျှင်၊ ယင်းသို့ လာရောက်မပြနိုင်ကြောင်းကို သက်ဆိုင်ရာသို့ အကြောင်းကြားရမည်။


၈။ ။ (၁) ဆင့်ခေါ်ရေးအဖွဲ့သည်၊ အမိန့်ဖြင့်၊ စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ် ဦးအား၊ စစ်မှုထမ်းရန် ကျန်းမာရေးအဆင့်အတန်း ၎င်း၌ရှိမရှိ အမှန်သိအောင် ဆေးစစ်အဖွဲ့က စမ်းသပ်စစ်ဆေးနိုင်ရန်အလို့ငှာ၊ ထိုအမိန့်တွင် ဖော်ပြထားသောအချိန်၌၊ ဖော်ပြထားသည့်နေရာသို့ လာရောက်အကြောင်း ကြားရန် ဆင့်ခေါ်နိုင်သည်။


(၂) ပုဒ်မခွဲ(၁) အရ လာရောက်အကြောင်းကြားရန်၊ ဆင့်ခေါ်ခြင်းခံရသော စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးသည်၊ အမိန့်တွင် ဖော်ပြထားသောအချိန်၌ ဖော်ပြထားသောနေရာသို့ လာရောက်အကြောင်းကြားရမည့်ပြင်၊ စစ်မှုထမ်းရန် ကျန်းမာရေး အဆင့်အတန်းရှိ မရှိ အမှန်သိအောင် ဆေးစစ်အဖွဲ့က လိုအပ်သည်ဟု ယူဆသည့်အတိုင်း စမ်းသပ်စစ်ဆေးခြင်းကိုလည်းခံရမည်၊ ကျန်းမာရေး အဆင့်အတန်းအမျိုးမျိုးအတွက် စမ်းသပ်စစ်ဆေးမှုများကို၊ နည်းဥပဒေများဖြင့် သတ်မှတ်ရမည်။


(၃) ဆေးစစ်အဖွဲ့သည်၊ စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးအားစမ်းသပ်စစ်ဆေး ပြီးသည့်အခါ၊ ထိုသူ၌၊ စစ်မှုထမ်းရန် ကျန်းမာရေးအဆင့်အတန်းရှိလျှင် ရှိကြောင်း၊ မရှိလျှင် မရှိကြောင်းကို စစ်ဆေးသိရှိရသည့်အတိုင်း ဖော်ပြရမည်။


(၄) စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦး၌ စစ်မှုထမ်းရန် ကျန်းမာရေး အဆင့်အတန်း ရှိသည်ကိုဖြစ်စေ၊ မရှိသည်ကိုဖြစ်စေ၊ ဆေးစစ်အဖွဲ့က စစ်ဆေးသိရှိခဲ့လျှင်၊ ထိုပြည် ထောင်စုနိုင်ငံသားသည် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ၊ မိမိအား၊ အထက် တန်းဆေးစစ် အဖွဲ့တစ်ဖွဲ့က ထပ်မံစမ်းသပ်စစ်ဆေး၍ ၎င်း၌စစ်မှုထမ်းရန် ကျန်းမာရေးအဆင့်အတန်းရှိ မရှိကို စစ်ဆေးသိရှိရသည့်အတိုင်း ဖော်ပြစေလိုကြောင်းဖြင့် တောင်းဆိုနိုင်သည်။


(၅) ဆေးစစ်အဖွဲ့နှင့် အထက်တန်းဆေးစစ်အဖွဲ့ ဖွဲ့စည်းပုံနှင့် ထိုအဖွဲ့များက လိုက်နာရမည့် စည်းကမ်း နည်းလမ်းများကို၊ နည်းဥပဒေများဖြင့် သတ်မှတ်ရမည်။


(၆) ဆင့်ခေါ်ရေးအဖွဲ့သည်၊ အမိန့်ဖြင့်၊ အသက် ၁၇ နှစ်ပြည့်သော ပြည်ထောင်စုနိုင်ငံသား တစ်ဦးအား၊ စစ်မှုထမ်းရန် ကျန်းမာရေးအဆင့်အတန်းရှိ မရှိ အမှန်သိအောင် ဆေးစစ်အဖွဲ့က စမ်းသပ်စစ်ဆေးနိုင်ရန် အလို့ငှာ၊ ထိုအမိန့်တွင် ဖော်ပြထားသောအချိန်၌ ဖော်ပြထားသောနေရာသို့လာရောက် အကြောင်းကြား ရန်ဆင့်ခေါ်နိုင်သည်။ ထိုသူ၏အသက်ကိုတွက်ချက်ရာတွင်၊ ပုဒ်မ ၅၊ အပိုဒ် (ခ) ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ၊ အဆိုပါ အမိန့်ထုတ်ဆင့်ပြီးသည့်နောက်၊ ထိုပြည်ထောင်စု နိုင်ငံသားသည် စစ်မှုထမ်းအရွယ်ရောက်သူ ဖြစ်ဘိသကဲ့သို့၊ ပုဒ်မခွဲ(၂) (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များသည် ၊ ၎င်းနှင့် သက်ဆိုင်စေရမည်။


အချိန်ပြည့်စစ်မှုထမ်းခြင်း။


၉။ ။ (၁) နိုင်ငံတော်သမ္မတက၊ အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားသည့်အခါ ဆင့်ခေါ်ရေးအဖွဲ့သည်၊ အမိန့်ဖြင့် အချိန်ပြည့်စစ်မှုထမ်းရမည့် ပြည်ထောင်စု နိုင်ငံသားတစ်ဦးအား၊ စစ်မှုထမ်းရန် ကျန်းမာရေး အဆင့်အတန်း ထိုသူ၌ရှိသည်ကို တွေ့လျှင်၊ အချိန်ပြည့်စစ်မှုထမ်းရန်အတွက်၊ ထိုအမိန့်တွင် ဖော်ပြထား သောအချိန်၌ ဖော်ပြထားသောနေရာသို့ လာရောက်အကြောင်းကြားရန် ဆင့်ခေါ်နိုင်သည်။ ထိုသို့ ဆင့်ခေါ် သည့်အတိုင်း ထိုသူသည် လာရောက်အကြောင်းကြားရမည်။


(၂) အသက် ၁၇ နှစ်နှင့် ၆ လပြည့်၍၊ အသက် ၁၈ နှစ်မပြည့်သေးသော ပြည်ထောင်စု နိုင်ငံသား တစ်ဦးသည်၊ အချိန်ပြည့် စစ်မှုထမ်းလိုလျှင်၊ မိမိ မိဘများ၏၊ သို့တည်းမဟုတ် အုပ်ထိန်းသူများ၏ ခွင့်ပြုချက်စာနှင့်တကွ၊ ဆင့်ခေါ်ရေးအဖွဲ့ထံ စာဖြင့်ရေးသားလျှောက်ထားနိုင်သည်။ ထိုပြည်ထောင်စု နိုင်ငံသား၌၊ စစ်မှုထမ်းရန် ကျန်းမာရေးအဆင့်အတန်းရှိလျှင်၊ ဆင့်ခေါ်ရေးအဖွဲ့သည်၊ အမိန့်ဖြင့်၊ ပုဒ်မခွဲ (၁) အရ၊ ၎င်းအား အချိန်ပြည့်စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။ ယင်းသို့ဆင့်ခေါ်သည့်အခါ၊ ထိုသူသည်၊ အသက် ၁၈ နှစ်ပြည့်သော ပြည်ထောင်စု နိုင်ငံသားဖြစ်ဘိသကဲ့သို့ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များ သည် ၎င်းနှင့် သက်ဆိုင်စေရမည်။


(၃) အချိန်ပြည့်စစ်မှုထမ်းနေသော ပြည်ထောင်စုနိုင်ငံသားတစ်ဦး၏ အချိန်ပြည့်စစ်မှုထမ်းရမည့် ကာလ အပိုင်းအခြားကို ရေတွက်ရာတွင်၊ ထိုသူအချိန်ပြည့်စစ်မှုထမ်းရမည့်ကာလအတွင်း ပြစ်မှု တစ်ခုခုအတွက် စစ်ဘက်ဆိုင်ရာတရားရုံး၊ သို့တည်းမဟုတ် မြို့ပြဆိုင်ရာတရားရုံး တစ်ခုခု၏စီရင်ချက်အရ၊ ထောင်ဒဏ် ကျခံရသည့် ကာလအပိုင်းအခြားကိုသော်လည်းကောင်း ခွင့်မဲ့ပျက်ကွက်မှုကြောင့် တရားဥပဒေအရ ပြစ်ဒဏ် စီရင်ခြင်းခံရလျှင်၊ ထိုသို့ပျက်ကွက်သည့် ကာလအပိုင်းအခြားကိုသော်လည်းကောင်း၊ သတ်မှတ်ထားသည့် အခွင့်ရစစ်ဘက်အာဏာပိုင်က အခြားနည်းညွှန်ကြားခြင်းမပြုပါက၊ ထိုသူအချိန် ပြည့် စစ်မှုထမ်းသည့်ကာလ အဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရ။


(၄) စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးအား အခြေခံစစ်ပညာပေးပြီးနောက်၊ စစ်မှုထမ်းရမည့်ကာလတစ်ခုလုံးအတွက်ဖြစ်စေ၊ တစ်စိတ်တစ်ဒေသအတွက် ဖြစ်စေ၊၎င်းကို -


(က) ကြည်းတပ်တွင်၊ သို့တည်းမဟုတ် ရေတပ်တွင်၊ သို့တည်းမဟုတ်၊ လေတပ်တွင်စစ်မှု ထမ်းရွက်စေနိုင် သည်၊ သို့တည်းမဟုတ်


(ခ) စိုက်ပျိုးမှုသင်တန်း၊ သို့တည်းမဟုတ် စက်မှုလက်မှု သင်တန်းသို့ တက်ရောက်သင်ကြား စေနိုင်သည်၊ သို့တည်းမဟုတ်


(ဂ) ပြည်ထောင်စုနိုင်ငံတော် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ သို့တည်းမဟုတ် စီးပွားရေးထူထောင်မှု လုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်စေနိုင်သည်။


ခြွင်းချက်။ ။ သို့ရာတွင်၊ ကြည်းတပ်တွင်၊ သို့တည်းမဟုတ် ရေတပ်တွင်၊ သို့တည်းမဟုတ် လေတပ်တွင် စစ်မှုထမ်းရသည့် စစ်မှုထမ်းအရွယ်ရောက်သော မိန်းမတစ်ဦးကို သတ်မှတ်ထားသည့်စစ်ဘက်တာဝန် ဝတ္တရားများကိုသာလျှင် ထမ်းရွက်စေရမည်။


(၅) စိုက်ပျိုးမှုသင်တန်းနှင့် စက်မှုလက်မှုသင်တန်းအမျိုးမျိုးကိုလည်းကောင်း၊ အဆိုပါသင်တန်း အစီအစဉ်၊ ပေးပုံပေးနည်းနှင့် စနစ်တို့ကိုလည်းကောင်း၊ ပြည်ထောင်စုနိုင်ငံတော် ပြန်လည်ထူထောင် ရေးလုပ်ငန်း အမျိုးမျိုး၊ သို့တည်းမဟုတ် စီးပွားရေးထူထောင်မှုလုပ်ငန်း အမျိုးမျိုးကိုလည်းကောင်း နည်းဥပဒေများဖြင့် သတ်မှတ်ရမည်။


အချိန်ပိုင်းစစ်မှုထမ်းခြင်း။


၁၀။ ။ (၁) နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားသည့်အခါ ဆင့်ခေါ်ရေးအဖွဲ့သည်၊ အမိန့်ဖြင့်၊ အချိန်ပိုင်းစစ်မှုထမ်းရမည့် ပြည်ထောင်စုနိုင်ငံသားတစ်ဦးအား၊ အချိန်ပိုင်းစစ်မှုထမ်း ရန်အတွက်၊ ထိုအမိန့်တွင် ဖော်ပြထားသောအချိန်၌၊ ဖော်ပြထားသောနေရာသို့ လာရောက် အကြောင်းကြားရန် ဆင့်ခေါ်နိုင်သည်။ ထိုသို့ဆင့်ခေါ်သည့်အတိုင်း ထိုသူလာရောက် အကြောင်း ကြားရမည်။


(၂) အချိန်ပိုင်းစစ်မှုထမ်းရမည့် ပြည်ထောင်စုနိုင်ငံသားတစ်ဦးသည်၊ တပ်မတော်အရံတပ်တစ်ခုခုတွင် ပါရှိသူဖြစ်လျှင်၊ သတ်မှတ်ထားသည့် နည်းဥပဒေများနှင့်အညီ ထိုသူအား၊ ပြန်တမ်းဝင်အရာရှိဖြစ်သည့် ၎င်း၏တပ်မှူးက၊ သီးခြားဖော်ပြထားသောအချိန်၌၊ သီးခြားဖော်ပြထားသောနေရာသို့၊ အချိန်ပိုင်းစစ်မှု ထမ်းရန်အတွက် လာရောက်အကြောင်းကြားရန်၊ သင့်လျော်သည်ဟုထင်မြင်သည့် နည်းလမ်းအတိုင်း ဆင့်ခေါ်နိုင်သည်။ ယင်းသို့ဆင့်ခေါ်သည့်အတိုင်း ထိုသူလာရောက်အကြောင်းကြားရမည်။


(၃) အချိန်ပိုင်းစစ်မှုထမ်းနေသော စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦး၏ အချိန်ပိုင်းစစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို ရေတွက်ရာတွင်၊ ထိုသူအချိန်ပိုင်း စစ်မှုထမ်းရမည့် ကာလအတွင်း ပြစ်မှုတစ်ခုခုအတွက် စစ်ဘက်ဆိုင်ရာတရားရုံး၊ သို့တည်းမဟုတ် မြို့ပြဆိုင်ရာတရားရုံး တစ်ခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံရသည့် ကာလအပိုင်းအခြားကိုသော်လည်းကောင်း၊ ခွင့်မဲ့ ပျက်ကွက်မှုကြောင့် တရားဥပဒေအရပြစ်ဒဏ်စီရင်ခြင်းခံရလျှင်၊ ထိုသို့ပျက်ကွက်သည့် ကာလအပိုင်း အခြားကိုသော်လည်းကောင်း၊ သတ်မှတ်ထားသည့် အခွင့်ရစစ်ဘက်အာဏာပိုင်က အခြားနည်း ညွှန်ကြားခြင်း မပြုပါက၊ ထိုသူအချိန်ပိုင်း စစ်မှုထမ်းသည့်ကာလအဖြစ် ထည့်သွင်းရေ တွက်ခြင်းမပြုရ။


ဆင့်ခေါ်သည့်အခါ လာရောက်အကြောင်းကြားရမည့်စည်းကမ်းနည်းလမ်း။


၁၁။ ။ဤအက်ဥပဒေအရ လာရောက်အကြောင်းကြားရန် စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံ သားများအား၊ ဆင့်ခေါ်သည့်အမိန့်များ ထုတ်ဆင့်ရာတွင် ဆင့်ခေါ်ရေးအဖွဲ့များက လိုက်နာရမည့် စည်းကမ်းနည်းလမ်းနှင့် ဆင့်ခေါ်ခြင်းခံရသူများ လာရောက်အကြောင်းကြားရမည့် စည်းကမ်း နည်းလမ်း များကို နည်းဥပဒေများဖြင့် သတ်မှတ်ရမည်။


စစ်အားစုရုံးခြင်း။


၁၂။ ။ (၁) စစ်ကြောင့်ဖြစ်စေ၊ နိုင်ငံတွင်းဆူပူမှုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ်ဖြစ်စေအံ့သော အထူးအရေးတကြီး အခြေဖြစ်ပေါ်နေပြီဟူ၍ သော်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံကို ထိခိုက်နေသော စီးပွားရေးအရေးတကြီးအခြေသည်၊ ပြည်ထောင်စုနိုင်ငံ၏ တစ်စိတ်တစ်ဒေသ၌ ပေါ်ပေါက်နေပြီဟူ၍သော်လည်းကောင်း ယူဆလျှင် နိုင်ငံတော်သမ္မတသည်၊ တပ်မတော်တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ စုရုံးရန် အမိန့်ထုတ်ဆင့်နိုင်သည်။


(၂) တပ်မတော်တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ စုရုံးရန် အမိန့်ထုတ်ဆင့်သည့် အခါတိုင်း၊ တပ်မတော်အရန်တပ်တွင်၊ ပါဝင်သူတို့သည်၊ မိမိတို့ဆိုင်ရာတပ်မှူးများထံ လာရောက်အကြောင်းကြား ကြရမည်။ ထိုသို့ လာရောက်အကြောင်းကြားရမည့် စည်းကမ်းနည်းလမ်းမှာအဆိုပါ တပ်မှူးများက ချမှတ် သည့်အတိုင်းဖြစ်ရမည်။


စစ်ဘက်ဥပဒေကို လိုက်နာရခြင်း။


၁၃။ ။ အချိန်ပြည့် စစ်မှုထမ်းရန်၊ သို့တည်းမဟုတ် အချိန်ပိုင်းစစ်မှုထမ်းရန် လာရောက်အကြောင်းကြား ရမည့် စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စု နိုင်ငံသားတစ်ဦးသည်၊ ၎င်းအား၊ စစ်မှုထမ်းရန် လာရောက် အကြောင်းကြားရန် အမိန့်တွင် ဖော်ပြထားသည့်အချိန်မှစ၍၊ တပ်မတော်စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရသူ တစ်ဦးဖြစ်ရမည်။ ထိုသူသည်၊ လုံလောက်သော အကြောင်းမရှိဘဲ၊ လာရောက်အကြောင်းကြားရန် ပျက်ကွက်လျှင်၊ ထိုအချိန်၌ အခွင့်မရဘဲ စစ်မှုထမ်းခြင်းမှ ပျက်ကွက် သည်ဟုမှတ်ယူရမည်။


စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ။


၁၄။ ။ (၁) အောက်ပါသူတို့သည် စစ်မှုထမ်းရမည့်တာဝန်များမှ ကင်းလွတ်စေရမည်။


(က) သာသနာ့ဝန်ထမ်း


(ခ) သားသမီးရှိသောမိခင်(တရားဝင်မွေးစားသား သမီးရှိသောမိခင်လည်းပါဝင်သည်၊)


(ဂ) ကိုယ်ဝန်ဆောင်မိန်းမ၊


(ဃ) စိတ်ပေါ့သွပ်၍၊ စိတ်ပေါ့သွပ်သူဟု အခွင့်အာဏာရ တရားရုံး၏ အမိန့်ချမှတ်ခြင်းခံနေရသူ။


(၂) အိမ်ထောင်သည်မိန်းမတစ်ဦးသည်၊ အချိန်ပြည့်စစ်မှုထမ်းရမည့်တာဝန်များမှ ကင်းလွတ်စေရမည်။


စစ်မှုထမ်းရမည့်တာဝန်လွတ်ငြိမ်းခြင်းနှင့်ရွှေ့ဆိုင်းခြင်း။


၁၅။ ။ (၁) စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးအား စစ်မှုထမ်းရန် ဆင့်ခေါ်သဖြင့်၊ ထိုသူအတိဒုက္ခရောက်မည်ဖြစ်သော အကြောင်းကြောင့်ဖြစ်စေ၊ ဤကိစ္စအလို့ငှာ သတ်မှတ်ထားသော အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ [ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည်၊ သို့တည်း မဟုတ် ၎င်းက သီးခြားဖော်ပြသည့် အာဏာပိုင်သည်]-


(က) ထိုစစ်မှုထမ်းအရွယ်ရောက်သူအား၊ အချိန်ပြည့်စစ်မှုထမ်းရမည့်တာဝန်မှ လွတ်ငြိမ်းစေဟူ၍ သော်လည်းကောင်း၊ ထိုသူအချိန်ပြည့်စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျော့ပေါ့စေဟူ၍ သော်လည်းကောင်း၊


(ခ) ထိုစစ်မှုထမ်းအရွယ်ရောက်သူ၏ အချိန်ပြည့်စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားတစ်ခုလုံး ကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ၊ ၎င်း၏လျှောက်ထားချက်အရ၊ သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းစေဟူ၍ သော်လည်းကောင်း၊


(ဂ) အချိန်ပိုင်းစစ်မှုထမ်းရမည့် စစ်မှုထမ်းအရွယ်ရောက်သူအား အချိန်ပိုင်း စစ်မှုထမ်းရမည့်တာဝန်မှ လုံးဝဖြစ်စေ၊ သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားအထိဖြစ်စေ၊ လွတ်ငြိမ်းစေဟူ၍သော် လည်းကောင်း အမိန့်ဖြင့်ညွှန်ကြားနိုင်သည်။


[(၂)× ××××××××××××××]


[(၃) ×××××××××××××××]


[(၄) ×××××××××××××××]


[(၅) ×××××××××××××××]


[(၆) ×××××××××××××××]


[(၇) ×××××××××××××××]


[(၈) ×××××××××××××××]


[(၉) ×××××××××××××××]


[(၁၀) ×××××××××××××××]


[(၁၁) ×××××××××××××××]


ပြည်ထောင်စုနိုင်ငံမှ ထွက်ခွာသွားခြင်း။


၁၆။ ။ (၁) ဤအက်ဥပဒေအရ အချိန်ပြည့်စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရမည့် စစ်မှုထမ်းအရွယ် ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးသည်၊ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်မရဘဲ၊ ပြည်ထောင်စု နိုင်ငံမှ ထွက်ခွာ မသွားရ။


(၂) ပုဒ်မ ၁၅ နှင့် အညီ လျှောက်ထားချက်အရ၊ အချိန်ပြည့်စစ်မှုထမ်းရန် ရွှေ့ဆိုင်းထားသော စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသားတစ်ဦးသည် ထိုသို့ရွှေ့ဆိုင်းထားသော ကာလအပိုင်း အခြားအတွင်း [ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၏ သို့တည်းမဟုတ် ၎င်းက ပုဒ်မ ၁၅ အရ သီးခြားဖော်ပြသည့်အာဏာပိုင်၏] ခွင့်ပြုချက်မရဘဲ ပြည်ထောင်စုနိုင်ငံမှ ထွက်ခွာမသွားရ။


အကြောင်းအရာဖော်ပြခြင်း။


၁၇။ ။ နိုင်ငံတော်သမ္မတသည်၊ မည်သူ့အားမဆို၊ စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စုနိုင်ငံသား တစ်ဦးနှင့်စပ်လျဉ်း၍၊ သတ်မှတ်ထားသော အကြောင်းအရာများကို၊ ဆင့်ခေါ်ရေးအဖွဲ့က ဖြစ်စေ၊ ဆင့်ခေါ်ရေးအဖွဲ့က ခန့်ထားသူကဖြစ်စေ၊ တောင်းဆိုလျှင်၊ ထိုဆင့်ခေါ်ရေးအဖွဲ့၊ သို့တည်းမဟုတ်၊ ထိုသူထံသို့၊ အဆိုပါအကြောင်းအရာများကို သိရှိရသလောက် အပြည့်အစုံပေးပို့ရန် ဆင့်ဆိုနိုင်သည်။ ထိုဆင့်ဆိုခြင်းခံရသူ၌၊ ယင်းသို့ဆင့်ဆိုသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိစေရမည်။


အမိန့်များ။


၁၈။ ။ (၁) ပုဒ်မ ၁၅ အရ၊ ထုတ်ဆင့်သောအမိန့်သည်၊ တစ်ဦးတစ်ယောက်သောသူနှင့် သော်လည်းကောင်း၊ လူတစ်စုနှင့်သော်လည်းကောင်း သက်ဆိုင်စေနိုင်သည်။ ဤအက်ဥပဒေအရ ထုတ်ဆင့်သော အခြားအမိန့်သည်၊ ယေဘုယျအားဖြင့် လူအများနှင့်ဖြစ်စေ၊ သီးခြားလူတစ်စုနှင့်ဖြစ်စေ သက်ဆိုင်စေနိုင်သည်။


(၂) ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခြင်းမပြုသော အမိန့်တစ်ခုခုကို သက်ဆိုင်သူအား၊ သို့တည်းမဟုတ် ၎င်းနှင့်အတူနေ အသက် ၁၈ နှစ်အောက် မငယ်သောအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦးဦးအား ပေးအပ်လျှင် ထိုအမိန့်ကို အဆိုပါ သက်ဆိုင်သူသိရှိပြီးဖြစ်သည်ဟု မှတ်ယူရမည်။


ပြစ်မှုနှင့် ပြစ်ဒဏ်များ။


၁၉။ ။ (၁) မည်သူမဆို -


(က) ဤအက်ဥပဒေအရ မိမိလိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတစ်ခုခုကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်


(ခ) ဤအက်ဥပဒေအရ မိမိဖော်ပြရမည့် အကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ မမှန်သည့်အကြောင်း အရာကို သက်ဆိုင်ရာဆင့်ခေါ်ရေးအဖွဲ့အားဖြစ်စေ၊ ထိုအဖွဲ့က ခန့်ထားသောသူအားဖြစ်စေ မမှန်ကြောင်း သိလျက်နှင့် ဖော်ပြလျှင်၊ သို့တည်းမဟုတ်


(ဂ) ပုဒ်မ ၁၆ ပါ ပြဋ္ဌာန်းချက်တစ်ခုခုကို ဆန့်ကျင်လျှင်


သုံးနှစ်အထိ အလုပ်ကြမ်းဖြင့် ထောင်ဒဏ်သော်လည်းကောင်း၊ ကျပ်သုံးထောင်ထိ ငွေဒဏ်သော်လည်း ကောင်း၊ ဒဏ်နှစ်ရပ်လုံးသော်လည်းကောင်း စီရင်ခြင်းခံရမည်။


(၂) မည်သူမဆို -


(က) စစ်မှုထမ်းခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် ပုဒ်မခွဲ (၁) တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်လျှင်၊ သို့တည်းမဟုတ်


(ခ) စစ်မှုထမ်းရန်အတွက် မိမိကျန်းမာရေးအဆင့်အတန်းကို ထိခိုက်စေလိုသောအကြံဖြင့် မိမိကိုယ်ကို အနာရောဂါ စွဲကပ်ဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် မသန်မစွမ်းဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် မိမိကိုယ်ကို ရောဂါစွဲကပ်စေအောင်သော်လည်းကောင်း၊ မသန်မစွမ်းဖြစ်အောင်သော်လည်းကောင်း ပြုလုပ်လျှင်၊ သို့တည်းမဟုတ် မိမိ၏ အနာရောဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ ပျောက်ကင်း အောင်မကုသဘဲ တမင်နှောင့်နှေးကြန့်ကြာအောင်သော်လည်းကောင်း၊ ပိုမိုဆိုးရွားလာအောင်သော် လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မိမိအလိုအလျောက် မိမိကိုယ်ကို အနာတရဖြစ်စေ အောင်ပြုလျှင်ငါးနှစ်ထိ အလုပ်ကြမ်းဖြင့် ထောင်ဒဏ်သော်လည်းကောင်း၊ ကျပ်ငါးထောင်ထိ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးသော်လည်းကောင်း စီရင်ခြင်းခံရမည်။


(၃) ပုဒ်မ ၇၊ ပုဒ်မခွဲ (၂) နှင့် ပုဒ်မ ၈၊ ပုဒ်မခွဲ (၂) အရ လာရောက်အကြောင်းကြားရမည့် တာဝန်ဝတ္တရားကို ဆောင်ရွက်ရန်ပျက်ကွက်သည့်အတွက် စွဲဆိုသည့် ရာဇဝတ်မှုတစ်ခုခုတွင်၊ တရားခံ၌၊ အဆိုပါ တာဝန် ဝတ္တရားဆောင်ရွက်ရန်ရှိကြောင်းကိုသာ၊ တရားလိုက သက်သေထင်ရှားပြလျှင်၊ ထိုတာဝန်ဝတ္တရားကို ဆောင်ရွက်ပြီးကြောင်းဖြင့်၊ သက်သေထင်ရှားပြရန်မှာ၊ တရားခံ၏တာဝန် ဖြစ်ရမည်။


၂၀။ ။ ဤအက်ဥပဒေအရ အမိန့်ဖြင့်၊ တစ်ဦးတစ်ယောက်သောသူအား အဆိုပါအမိန့်တွင် ဖော်ပြထား သောအချိန်၌ တာဝန်ဝတ္တရားတစ်ခုခုကို ဆောင်ရွက်ရန် ညွှန်ကြားသည့်အတိုင်း၊ ထိုသူက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်၊ ထိုသူနှင့်စပ်လျဉ်း၍ အဆိုပါအမိန့်သည်၊ ထိုတာဝန်ဝတ္တရားကို ထိုသူဆောင်ရွက်ပြီးသည်အထိ သို့တည်းမဟုတ်၊ အဆိုပါအမိန့်ကို ဖျက်သိမ်းလိုက်သည်အထိ အတည်ဖြစ် လျက်ရှိရမည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည်၊ အမိန့်တစ်ရပ်ရပ်တွင် ဖော်ပြထားသော အချိန်၌ တာဝန်ဝတ္တရားတစ်ခုခုဆောင်ရွက်ရန် ပျက်ကွက်သူတစ်ဦးအား ရာဇဝတ်မှုစွဲဆိုနိုင်ခွင့်ကို မထိခိုက်စေရ၊ ထို့ပြင် ထိုသူမှာ၊ ထိုပျက်ကွက်မှုအတွက် ရာဇဝတ် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းခံရစေကာမူ၊ ထိုတာဝန် ဝတ္တရားဆောင်ရွက်ရခြင်းမှ လွတ်ငြိမ်းခွင့်မရှိစေရ။


ပြည်ထောင်စုနိုင်ငံပြင်ပရှိ စစ်မှုထမ်းအရွယ်ရောက်သူများ။


၂၁။ ။ (၁) စစ်မှုထမ်း အရွယ်ရောက်သူတစ်ဦးသည်၊ ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုခုကို၊ ပြည်ထောင်စု နိုင်ငံအတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ၊ ကျူးလွန်လျှင်၊ ထိုသူကို ထိုပြစ်မှုအတွက် အရေးယူ တရားစွဲဆိုနိုင်သည်။


(၂) ပြည်ထောင်စုနိုင်ငံ၏ပြင်ပ၌ နေထိုင်လျက်ရှိသော၊ စစ်မှုထမ်းအရွယ်ရောက်သူ ပြည်ထောင်စု နိုင်ငံသား တစ်ဦးအပေါ်၊ ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုအတွက် အရေးယူတရားစွဲဆိုခြင်းနှင့် စပ်လျဉ်း သည့် စည်းကမ်း နည်းလမ်းကို နည်းဥပဒေများဖြင့် သတ်မှတ်ရမည်။


အလုပ်အကိုင်ကို ကာကွယ်စောင့်ရှောက်ခြင်း။


၂၂။ ။ စစ်မှုထမ်းရန်ဆင့်ခေါ်သဖြင့် စစ်မှုထမ်းရသူတစ်ဦးက၊ ယခင်အလုပ်ရှင်ထံသို့ အလုပ်ခန့်ထားရန် လျှောက်လွှာတင်သွင်းလျှင်၊ ယခင်အလုပ်ရှင်၌ လျှောက်လွှာအတည်ဖြစ်နေသမျှ ကာလပတ်လုံး၊ လျှောက် ထားသူအား၊ အောက်ပါအလုပ်အကိုင်တွင်၊ ဖော်ပြရာပါ အမှုထမ်းစည်းကမ်းများအတိုင်း ခန့်ထားရန် တာဝန်ရှိရမည်။


(က) လျှောက်ထားသူ စတင်စစ်မှုမထမ်းမီ၊ ယခင်အလုပ်ရှင်က၊ လျှောက်ထားသူအား နောက်ဆုံး ခန့်ထားခဲ့သောအလုပ်အကိုင်၊ ထိုအလုပ်အကိုင်တွင်၊ လျှောက်ထားသူအား စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း မခံရပါမူ၊ ၎င်းနှင့်သက်ဆိုင်မည်ဖြစ်သည့် အမှုထမ်းစည်းကမ်းများအောက် မညံ့ဖျင်းသော အမှုထမ်း စည်းကမ်းများအတိုင်း ခန့်ထားရမည်။ သို့တည်းမဟုတ်


(ခ) ထိုအလုပ်အကိုင်တွင် ထိုအမှုထမ်းစည်းကမ်းများနှင့်အညီ လျှောက်ထားသူအား မခန့်ထားနိုင်လျှင် ထိုသူအတွက် ခန့်ထားနိုင်သည့် အခွင့်အသာဆုံး အလုပ်အကိုင်။ ထိုအလုပ်အကိုင်တွင်၊ လျှောက်ထားသူအား ၎င်းအတွက် အခွင့်အသာဆုံး အမှုထမ်းစည်းကမ်းများအတိုင်း ခန့်ထားရမည်။


အလုပ်ပြန်လည်ခန့်ထားရန်လျှောက်လွှာ။


၂၃။ ။ (၁) ပုဒ်မ ၂၂ အရ တင်သွင်းသောလျှောက်လွှာသည် -


(က) စာဖြင့်ရေးသားတင်သွင်းသောလျှောက်လွှာမဟုတ်လျှင်၊ အတည်မဖြစ်စေရ။


(ခ) လျှောက်ထားသူကိုယ်တိုင်ကသော်လည်းကောင်း၊ ၎င်း၏အခွင့်အမိန့်အရ ဆောင်ရွက်သောသူတစ် ဦးဦးကသော်လည်းကောင်း တင်သွင်းသည့်လျှောက်လွှာဖြစ်ရမည်။


(၂) ပုဒ်မ ၂၂ အရတင်သွင်းသောလျှောက်လွှာသည်၊ အချိန်ပြည့်စစ်မှုထမ်းရသည့် ကာလအပိုင်းအခြား မကုန်ဆုံးမီ ၁၅ ရက်အတွင်း တင်သွင်းသောလျှောက်လွှာမဟုတ်လျှင်၊ သို့တည်းမဟုတ် အချိန်ပြည့် စစ်မှုထမ်းရသည့် ကာလအပိုင်းအခြားကုန်ဆုံးပြီးနောက် ရက်ပေါင်း ၃၀ အတွင်း တင်သွင်းသော လျှောက်လွှာမဟုတ်လျှင်၊ အတည်မဖြစ်စေရ။


ခြွင်းချက်။ ။ သို့ရာတွင် မမာမကျန်းသောအကြောင်းကြောင့် သော်လည်းကောင်း၊ အခြားခိုင်လုံသော အကြောင်းကြောင့်သော်လည်းကောင်း၊ လျှောက်လွှာကို အချိန်မီ မတင်သွင်းနိုင်လျှင် အဆိုပါအကြောင်း ပပျောက်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းနိုင်သည်။ သို့သော်လည်း စစ်မှုထမ်းရသည့် ကာလအပိုင်းအခြားကုန်ဆုံးပြီးနောက် ၆ လအတွင်း လျှောက်လွှာမတင်သွင်းလျှင်၊ သို့တည်းမဟုတ် စစ်မှုထမ်းရသည့် ကာလအပိုင်းအခြားကုန်ဆုံးသည့်အချိန်၌၊ ယခင်အလုပ်ရှင်ထံမှ အလုပ်ရပ်စဲခြင်းခံရ သည့်အတွက် လျှောက်ထားသူက အကျိုးခံစားခွင့်ရပြီးဖြစ်လျှင်၊ ယခင်အလုပ်ရှင်၌ ဤပုဒ်မအရ လျှောက်ထားသူအား အလုပ်ခန့်ထားရမည့် တာဝန်မရှိစေရ။


(၃) ပုဒ်မ ၂၂ အရတင်သွင်းသောလျှောက်လွှာကို၊ ယခင်အလုပ်ရှင်ထံသို့ တိုက်ရိုက်ဖြစ်စေ၊ သတ်မှတ် ထားသောနည်းလမ်းအတိုင်း အလုပ်ဆက်သွယ်ရေးရုံးတစ်ခုခုသို့ဖြစ်စေ၊ သတ်မှတ်ထားသည့် အာဏာ ပိုင်တစ်ဦးဦးထံသို့ဖြစ်စေ၊ ပြည်ထောင်စုအစိုးရ အလုပ်သမားရုံးများသို့ဖြစ်စေ တင်သွင်း နိုင်သည်။ လျှောက်လွှာတင်သွင်းသည့်အခါ လျှောက်ထားသူသည် မိမိအလုပ်ဝင်နိုင်မည့် နေ့ရက်ကို အကြောင်း ကြားရမည်။ ထို့နေ့ရက် သည် အချိန်ပြည့်စစ်မှုထမ်းရသည့် ကာလအပိုင်းအခြား ကုန်ဆုံးမည့်နေ့ရက်မှ ရက်ပေါင်း ၃၀ထက် နောက်မကျသောနေ့ရက်ဖြစ်ရမည်။


ခြွင်းချက်။ ။ သို့ရာတွင် မမာမကျန်းသောအကြောင်းကြောင့်သော်လည်းကောင်း၊ အခြားခိုင်လုံသော အကြောင်းကြောင့်သော်လည်းကောင်း လျှောက်ထားသူသည်၊ အဆိုပါ ရက်ပေါင်း ၃၀ ကျော်လွန်ပြီး သည့်နောက်မှသာ အလုပ်ဝင်နိုင်မည်ဖြစ်လျှင်၊ ထိုသို့အကြောင်းကြားရမည့် နေ့ရက်မှာ အဆိုပါ ရက်ပေါင်း ၃၀ ကျော်လွန်ပြီးနောက်၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာ သင့်လျော်သည့်နေ့ရက် လည်းဖြစ်နိုင်သည်။ သို့ဖြစ်၍ ထိုအကြောင်းကြားစာသည်၊ အဆိုပါရက်ပေါင်း ၃၀ ကျော်လွန်ပြီးမှ ပေးပို့သည်ဟူသော အကြောင်းတစ်ခုတည်းကြောင့် ပျက်ပြယ်ခြင်းမရှိစေရ။


ယခင်အလုပ်သမားများကို အလုပ်ပြန်လည်ခန့်ထားရန် အလုပ်ရှင်တို့၏ တာဝန်များ။


၂၄။ ။ (၁) ယခင်အလုပ်ရှင်သည်၊ ပုဒ်မ ၂၂ အရ လျှောက်ထားသူကို၊ ၎င်း၏လျှောက်လွှာတွင် ဖော်ပြထားသောနေ့ရက်၌ အလုပ်အကိုင်တွင် ပြန်လည်ခန့်ထားရမည်၊ သို့တည်းမဟုတ် ထိုနေ့ရက်၌ မခန့်ထားနိုင်လျှင်၊ လျှောက်လွှာရရှိသည့်နေ့ရက်မှ တစ်လအတွင်း အစောဆုံးခန့်ထားနိုင်သည့် နေ့ရက်၌ ခန့်ထားရမည်။


(၂) ပုဒ်မ ၂၂ အရ လျှောက်ထားသူအား၊ ယခင်အလုပ်ရှင်၏ အလုပ်အကိုင်တွင် ခန့်ထားပြီးသည့်အခါ၊ ယခင်အလုပ်ရှင်၌၊ လျှောက်ထားသူအား နောက်လာမည့် ၆ လအတွက် အောက်ပါအလုပ်အကိုင်တွင်၊ ဖော်ပြရာပါ အမှုထမ်းစည်းကမ်းများအတိုင်း ခန့်ထားရန် တာဝန်ရှိရမည် -


(က) လျှောက်ထားသူအား ယခင်ကခန့်ထားခဲ့သည့် အလုပ်အကိုင်အောက်မနိမ့်သော အလုပ်အကိုင်။ ထိုအလုပ်အကိုင်တွင် လျှောက်ထားသူအား ယခင်ကခန့်ထားသည့် အမှုထမ်းစည်းကမ်းများအောက် မညံ့ဖျင်းသော အမှုထမ်းစည်းကမ်းများအတိုင်း ခန့်ထားရမည်၊ သို့တည်းမဟုတ်


(ခ) ဤပုဒ်မအရ၊ ခန့်ထားရမည့် ၆ လ ကာလအပိုင်းအခြားအတွင်း၊ မည်သည့်အခါတွင်မဆို၊ ထိုအလုပ်အကိုင်တွင် ထိုအမှုထမ်းစည်းကမ်းများအတိုင်း လျှောက်ထားသူအား ခန့်ထားရန် မသင့်လျော် သည့်အပြင် ခန့်ထားရန်လည်းမဖြစ်နိုင်လျှင်၊ ထိုလျှောက်ထားသူအတွက် ခန့်ထားသင့် ခန့်ထားနိုင်သည့် အခွင့်အသာဆုံးအလုပ်အကိုင်၊ ထိုအလုပ်အကိုင်တွင် ထိုသူအတွက်ထိုအချိန်၌ ခန့်ထားသင့် ခန့်ထားနိုင် သည့် အမှုထမ်း စည်းကမ်းများအတိုင်း ခန့်ထားရမည်။


(ဂ) ဆိုခဲ့သည့် ၆ လအတွင်း၊ ယခင်အလုပ်ရှင်သည်၊ အလုပ်အကိုင်တွင် ပြန်လည်ခန့်ထားခြင်းခံရသော အလုပ်သမားအား၊ လွန်ကဲစွာအကျင့်သိက္ခာပျက်ပြားခြင်းမရှိလျှင်၊ အလုပ်မှ ထုတ်မပစ်ရ။


(ဃ) အလုပ်အကိုင်တွင် ပြည်လည်ခန့်ထားသည့်နေ့ရက်မှ ၆ လကုန်ဆုံးပြီးနောက်၊ ယခင် အလုပ်ရှင်သည် မိမိအစိုးမရသော အကြောင်းတစ်ခုခုကြောင့်၊ အလုပ်သမားများကိုသော်လည်းကောင်း၊ လုပ်ခများကို သော်လည်းကောင်း၊ လျှော့ပေါ့ရလျှင်၊ ယင်းသို့လျှော့ပေါ့ခြင်းသည်၊ အလုပ်အကိုင်တွင် ပြန်လည်ခန့်ထား ခြင်းခံရသော အလုပ်သမားနှင့်လည်း သက်ဆိုင်စေရမည်။


(င) ယခင်အလုပ်ရှင်သည်၊ အလုပ်အကိုင်တွင်ပြန်လည်ခန့်ထားရန် လျှောက်လွှာပေါင်းများစွာရရှိ၍၊ လျှောက်ထားသူအားလုံးကို၊ နေရာချထားမပေးနိုင်လျှင်၊ ထိုလျှောက်လွှာများအနက် မည်သည့် လျှောက်လွှာများကို ဦးစားပေး၍၊ စဉ်းစားရမည်ဟု၊ ပုဒ်မ ၂၉ အရ၊ ဖွဲ့စည်းသည့် အလုပ်ပြန်လည် ခန့်ထားရေး ကော်မတီက ဆုံးဖြတ်ရမည်။


၂၅။ ။ ယခင်အလုပ်ရှင်သည် -


(က) အဆောက်အဦများဖြစ်စေ၊ ကိရိယာတန်ဆာပလာများဖြစ်စေ၊ ပျက်စီးခြင်းကြောင့် လုပ်ငန်း၏၊ သို့တည်းမဟုတ် အလုပ်အကိုင်၏ အခြေအမြစ်ပြောင်းလဲချက်များ၊ မူလ ကုန်ထုတ်လုပ်နည်းစနစ် ပြောင်းလဲချက်များ၊ သို့တည်းမဟုတ် ယာယီဖြစ်စေ၊ ရာသီအလိုက်ဖြစ်စေ ပြုလုပ်ရခြင်းကြောင့် မဟုတ်ဘဲ ကုန်ထွက်အမြောက်အမြားလျော့နည်းခြင်း၊ သို့တည်းမဟုတ်


(ခ) ပုဒ်မ ၂၂ အရ လျှောက်ထားသူအား၊ အလုပ်အကိုင်တွင် ပြည်လည်ခန့်ထားရန်လုံးဝ မဖြစ်နိုင် လောက်အောင်၊ ၎င်းတွင် လုပ်ကိုင်နိုင်စွမ်းမှုမရှိခြင်း၊


ဟူသော အကြောင်းအတွက်မှတစ်ပါး၊ အခြားမည်သည့်အကြောင်းကြောင့်မျှ အလုပ်သမားတစ်ဦးအား အလုပ်အကိုင်တွင် ပြန်လည်မခန့်ထားနိုင်ဟု ငြင်းဆိုခြင်းမပြုရ။


၂၆။ ။ ပုဒ်မ ၂၂ အရ လျှောက်ထားသူစတင်စစ်မှုထမ်းသည့် နေ့ရက်မတိုင်မီ အလုပ်အကိုင်တွင် ခန့်ထားခြင်း ခံရသူဖြစ်၍၊ လျှောက်ထားသူ စတင်စစ်မှုထမ်းရွက်သည့်နေ့ရက်၌၊ လျှောက်ထားသူထက် အလုပ်အကိုင်တွင် လုပ်သက်ပိုမိုရင့်သူဖြစ်သော၊ လျှောက်ထားသူ၏ အလုပ်အကိုင်မျိုးတွင် ခန့်ထားခြင်းခံရသူလည်းဖြစ်သည့်၊ အလုပ်သမားတစ်ဦးကို ယခင်အလုပ်ရှင်က အလုပ်အကိုင်မှ ထုတ်ပယ်မှသာ၊ ထိုလျှောက်ထားသူအား အလုပ်တွင်ပြန်လည်ခန့်ထားနိုင်မည်ဖြစ်လျှင်၊ ဤအက်ဥပဒေ ပါကိစ္စများအလို့ငှာ၊ အလုပ်ရှင်သည်၊ ထိုလျှောက်ထားသူအား ခန့်ထားသင့် ခန့်ထားနိုင်သည်ဟု မမှတ်ယူရ။


၂၇။ ။ ပုဒ်မ ၂၂ အရ လျှောက်ထားသူအား အလုပ်အကိုင်တွင် ပြန်လည်ခန့်ထားရန်အလို့ငှာ၊ အောက်ဖော်ပြရာပါ တစ်ဦးတစ်ယောက်သောသူအား အလုပ်အကိုင်မှ ထုတ်ပယ်ရလျှင်၊ ယခင် အလုပ်ရှင်၌ ထိုသို့ထုတ်ပယ်၍ ထိုလျှောက်ထားသူကို ခန့်ထားခြင်းမပြုနိုင်ဟု ငြင်းဆိုပိုင်ခွင့်မရှိစေရ။


(က) ထိုလျှောက်ထားသူ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးနောက်မှ၊ ယခင်အလုပ်ရှင်က အလုပ်ခန့်ထားသူ၊ သို့တည်းမဟုတ်


(ခ) အလုပ်သမားညွှန်ကြားရေးဝန်၏သဘောအရ ဦးစားပေးအစီအစဉ်တွင် လျှောက်ထားသူအောက် ကျရောက်နေသူ။


လုပ်သက်တစ်ဆက်တည်းဖြစ်ခြင်း။


၂၈။ ။ စစ်မှုထမ်းသည့်ကာလအပိုင်းအခြားကို၊ အလုပ်သမား၏ ယခင်လုပ်သက်နှင့် တစ်ဆက်တည်း ရေတွက်ရမည်။ ထို့ပြင် သတ်မှတ်ထားသည့် အကျိုးခံစားခွင့်များမှတစ်ပါး၊ စစ်မှုထမ်းရန် ထိုအလုပ် သမားအား ဆင့်ခေါ်ခြင်းမပြုခဲ့ပါမူ၊ အလုပ်သမားရရှိမည်ဖြစ်သည့် အခြားအကျိုးခံစား ခွင့်အားလုံး သည်၊ ထိုအလုပ်သမား၏ အကျိုးခံစားခွင့်များ ဖြစ်စေရမည်။


အလုပ်ပြန်လည်ခန့်ထားရေးကော်မတီဖွဲ့စည်းပုံ။


၂၉။ ။ (၁) အလုပ်ပြန်လည်ခန့်ထားရေးကော်မတီတွင် အောက်ပါပုဂ္ဂိုလ်များပါဝင်ရမည်။


(က) အမိန့်ကြော်ငြာစာဖြင့် ကြေညာထားသော အလုပ်ပြန်လည်ခန့်ထားရေး ကော်မတီဥက္ကဋ္ဌစာရင်းမှ နိုင်ငံတော်သမ္မတက၊ ရွေးချယ်ခန့်ထားသောပုဂ္ဂိုလ်တစ်ဦး၊


(ခ) အမိန့်ကြော်ငြာစာဖြင့် ကြေညာထားသောအလုပ်ရှင်များ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် အလုပ်ရှင်စာရင်းမှ နိုင်ငံတော်သမ္မတက၊ ရွေးချယ်ခန့်ထားသော ပုဂ္ဂိုလ်တစ်ဦး၊ ထို့ပြင်


(ဂ) အမိန့်ကြော်ငြာစာဖြင့် ကြေညာထားသော အလုပ်သမားများ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် အလုပ်သမားစာရင်းမှ နိုင်ငံတော်သမ္မတက၊ ရွေးချယ် ခန့်ထားသောပုဂ္ဂိုလ်တစ်ဦး။


(၂) နိုင်ငံတော်သမ္မတသည်၊ သို့တည်းမဟုတ် သတ်မှတ်ထားသည့် အာဏာပိုင်သည်၊ အလုပ်ပြန်လည် ခန့်ထားရေးကော်မတီအတွက် အဆက်ဆာလူကြီးများရနိုင်စေရန် မိမိသင့်သည်ဟုထင်မြင်သည့် အရေ အတွက်ထိ အဆက်ဆာလူကြီးများခန့်ထားနိုင်သည်။ ထိုအဆက်ဆာလူကြီးများသည်၊ ထိုကော်မတီက စဉ်းစားရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ အထူးသိကျွမ်းနားလည်သည်ဟု နိုင်ငံတော်သမ္မတက ယူဆသော သူများဖြစ်ရမည်။


(၃) အဆက်ဆာလူကြီးသည်၊ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် အမိန့်တစ်ခုချမှတ်ရာတွင် မဲပေးခြင်းသော်လည်းကောင်း၊ အခြားနည်းပါဝင်ဆောင်ရွက်ခြင်း သော်လည်း ကောင်း မပြုရ။


၃၀။ ။ (၁) အချိန်ပြည့်စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသော၊ သို့တည်းမဟုတ် ဆင့်ခေါ်ခြင်းခံရသည် ဆိုသောသူတစ်ဦးသည်၊ အထက်ပါပြဋ္ဌာန်းချက်များအရ မိမိခံစားထိုက်သည့် အခွင့်အရေးများရှိလျက်နှင့် မခံစားရလျှင်၊ သို့တည်းမဟုတ် မခံစားခဲ့ရလျှင် ထိုသို့မခံစားရကြောင်းကိုသော် လည်းကောင်း၊ မခံစားခဲ့ရ ကြောင်းကိုသော်လည်းကောင်း၊ ဖော်ပြ၍၊ သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း အလုပ် ပြန်လည်ခန့်ထားရေးကော်မတီထံသို့၊ မိမိ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် ကိစ္စတစ်ခုခုကို ဆုံးဖြတ် ပေးရန် လျှောက်ထားနိုင်သည်။ ထိုကော်မတီသည် ထိုကိစ္စကို ဆုံးဖြတ်ပေးရမည်။


(၂) ထိုလျှောက်ထားသူ၏ ယခင်အလုပ်ရှင်သည်၊ ၎င်း၏တာဝန်ဝတ္တရားများဆောင်ရွက်ရာတွင် ပျက်ကွက် ခဲ့သည်ဟု အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ယုံကြည်ကျေနပ်လျှင်၊ ထိုကော်မတီ သည်၊ အမှုသွား အမှုလာအားလုံးကိုလည်းကောင်း၊ မည်သို့ပျက်ကွက်သည်ကိုလည်းကောင်း၊ မည်မျှ ပျက် ကွက်သည်ကိုလည်းကောင်း ထောက်ထား၍၊ မိမိသင့်သည်ဟု ထင်မြင်သည့်အတိုင်း အောက်ပါအမိန့် တစ်ခုခုကိုဖြစ်စေ၊ နှစ်ခုစလုံးကိုဖြစ်စေ ချမှတ်နိုင်သည်။


(က) ယခင်အလုပ်ရှင်က ထိုလျှောက်ထားသူအားအလုပ်ပေးစေဆိုသည့်အမိန့်။ မည်သည့်နေ့ရက်တွင် မည်သည့်အလုပ်အကိုင်၌ မည်သည့်စည်းကမ်းချက်များအရ မည်သည့်နေရာတွင် အလုပ်အကိုင် ပေးစေဟု ထိုအမိန့်တွင် သီးခြားဖော်ပြရမည်။


(ခ) ယင်းသို့ပျက်ကွက်သည့်အတွက် ထိုလျှောက်ထားသူနစ်နာသည့်၊ သို့တည်းမဟုတ် နစ်နာဖွယ်ရာ အကြောင်းရှိသည့် ဆုံးရှုံးမှုတစ်ခုခုအတွက်၊ အထက်အဆိုပါပြဋ္ဌာန်းချက်များဖြင့် ချမှတ်ထားသော တာဝန် ဝတ္တရားများကို၊ ထိုလျှောက်ထားသူနှင့် စပ်လျဉ်း၍၊ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ပါမူ၊ ယခင်အလုပ်ရှင်က လျှောက်ထားသူအား ထုတ်ပေးရမည်ဖြစ်သည့် နောက်ဆုံးလုပ်ခနှုန်းအတိုင်း ၃ လတွက်လုပ်ခအောက်မနည်း ၆ လတွက် လုပ်ခထက်မပိုသည့်ငွေကို လျှောက်ထားသူအား လျော်ကြေး အဖြစ်ပေးစေ ဆိုသည့်အမိန့်။


၃၁။ ။ (၁) မည်သည့်ယခင်အလုပ်ရှင်မဆို၊ ပုဒ်မ ၃၀ အရ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ချမှတ်သည့် အမိန့်တစ်ခုခုကိုလိုက်နာရန်ပျက်ကွက်လျှင်၊ သုံးနှစ်ထိ အလုပ်ကြမ်းဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်စီရင်ခြင်းခံရမည်။ သို့ရာတွင် ဤပုဒ်မအရ စီရင်သည့်ငွေဒဏ်သည် ပုဒ်မ ၃၁၊ ပုဒ်မခွဲ(၂)၊ အပိုဒ်(ခ) အရ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ချမှတ်သည့်လျော်ကြေးအောက် မနည်းစေရ၊ ထို့ပြင်ရရှိသည့် ဒဏ်ငွေထဲမှ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ချမှတ်သည့်လျော်ကြေးနှင့် ညီမျှသောငွေကို သက်ဆိုင်ရာ အလုပ်သမားအား လျော်ကြေးအဖြစ် ပေးစေရန်အမိန့်ချမှတ်ရမည်။


(၂) အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ချမှတ်သည့်အမိန့်ကို လိုက်နာရန်ပျက်ကွက်သည့်အတွက် စွဲဆိုသည့်အမှုကို၊ ထိုအမိန့်အယူခံဝင်ရန် သတ်မှတ်ထားသည့်ကာလအပိုင်းအခြား ကုန်ဆုံးပြီးသည့် နောက်မှသော်လည်းကောင်း၊ ထိုအမိန့်ကို အယူခံဝင်လျှင် အယူခံမှုကို ဆုံးဖြတ်ပြီးသည့်၊ သို့တည်း မဟုတ် ပြန်လည်ရုပ်သိမ်းပြီးသည့်နောက်မှသော်လည်းကောင်း စွဲဆိုရမည်။


အယူခံဝင်ခြင်း။


၃၂။ ။ ပုဒ်မ ၃၀ အရ၊ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ချမှတ်သောဆုံးဖြတ်ချက်ကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ၊ သက်ဆိုင်ရာအလုပ်ရှင်ကသော်လည်းကောင်း၊ လျှောက်ထားသူကသော်လည်းကောင်း အယူခံကော်မတီသို့၊ သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း အယူခံဝင်နိုင်သည်။


၃၃။ ။ (၁) နိုင်ငံတော်သမ္မတသည်၊ မိမိသင့်သည်ဟု ထင်မြင်သည့်ဒေသ၊ သို့တည်းမဟုတ် ဒေသ များအတွက်၊ ပုဒ်မ ၃၂ အရ တင်သွင်းသော အယူခံမှုများကို ကြားနာဆုံးဖြတ်ရန် အယူခံကော်မတီ၊ သို့တည်းမဟုတ် အယူခံကော်မတီများကို ဖွဲ့စည်းနိုင်သည်။


(၂) အယူခံကော်မတီတိုင်းတွင် နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်သုံးဦးပါဝင်ရမည်။ ထိုသုံးဦးအနက် တစ်ဦးသည်၊ ဥက္ကဋ္ဌဖြစ်ရမည်။ အဆိုပါကော်မတီ၏ ဥက္ကဋ္ဌသည်၊ မြန်မာနိုင်ငံဝန်ထမ်း အဖွဲ့အရွေးချယ်ခံတန်းအရာရှိ၊ သို့တည်းမဟုတ် တရားဌာနဝန်ထမ်းအဖွဲ့အရွေးချယ်ခံတန်း အရာရှိဖြစ် ရမည်။ အခြားတစ်ဦးသည် ဗိုလ်မှူးအဆင့်အောက်မနိမ့်သော တပ်မတော်အရာရှိဖြစ်ရမည်။ ကျန်တစ်ဦး သည် အစိုးရအမှုထမ်းမဟုတ်သူဖြစ်ရမည်။


(၃) အယူခံကော်မတီသည်၊ မိမိသင့်သည်ဟု ထင်မြင်သည့်အချိန်နှင့်နေရာများတွင် အစည်းအဝေး ကျင်းပ နိုင်သည်။


(၄) အစည်းအဝေးသို့၊ အယူခံကော်မတီ၏ ဥက္ကဋ္ဌနှင့် ကော်မတီလူကြီးတစ်ဦးတက်ရောက်လျှင်၊ အစည်း အဝေး အထမြောက်ရမည်။


(၅) အယူခံကော်မတီသည်၊ သက်သေထွက်ချက်ကိုလက်ခံခြင်း၊ ကျမ်းသစ္စာကျိန်ဆိုစေခြင်း၊ သက်သေ များကို လာရောက်စေရန်အတင်းအကြပ်ဆင့်ခေါ်ယူခြင်း၊ ထို့ပြင်စာချုပ်စာတမ်းများကို ဖွင့်လှစ် ထုတ်ဖော်စေရန်နှင့် တင်ပြစေရန် အတင်းအကြပ်ဆင့်ဆိုခြင်းကိစ္စများအတွက် တရားမရုံး၏ အာဏာ များရှိရမည်။ ထို့ပြင် အယူခံကော်မတီသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၈၀ နှင့် ၄၈၂ တို့၏ အဓိပ္ပါယ် အရ တရားမရုံးဖြစ်သည်ဟု မှတ်ယူရမည်။


အချိန်ပြည့်စစ်မှုထမ်းရမည့်တာဝန်ကြောင့် အလုပ်သမားများအား အလုပ်မှ ထုတ်ပယ်ခြင်းကိုတားမြစ်ခြင်း။


၃၄။ ။ (၁) ဤအက်ဥပဒေအရအချိန်ပြည့် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသော အလုပ်သမားတစ်ဦး၏ အလုပ်ရှင်သည်၊ ထိုသို့ဆင့်ခေါ်ခြင်းခံရသဖြင့်၊ ထိုအလုပ်သမားဆောင်ရွက်ရသည့်၊ သို့တည်းမဟုတ် ဆောင်ရွက်ရမည်ဖြစ်သည့် တာဝန်ဝတ္တရားကိုအကြောင်းပြု၍ ထိုအလုပ်သမားအား ၎င်း၏ သဘော တူညီချက်မရဘဲ ယင်းသို့အချိန်ပြည့်စစ်မှုထမ်းရန် သွားရောက်အကြောင်းကြားရမည့် နေ့ရက်မတိုင်မီ၊ အလုပ်မှရပ်စဲလျှင် ထိုအလုပ်ရှင်သည် သုံးနှစ်အထိအလုပ်ကြမ်းဖြင့်ထောင်ဒဏ်နှင့် ငွေဒဏ်စီရင်ခြင်း ခံရမည်။ ထို့ပြင် ထိုအလုပ်ရှင်အပေါ် ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးသည်၊ အလုပ်ရပ်စဲခြင်းခံရသူ အား၊ ထိုသို့ အလုပ်ရပ်စဲခြင်းခံရသောကြောင့် နစ်နာသည့်၊ သို့တည်းမဟုတ် နစ်နာဖွယ်ရာအကြောင်းရှိ သည့်ဆုံးရှုံးမှုအတွက် အလုပ်ရှင်က ထိုအလုပ်သမားအား နောက်ဆုံးပေးခဲ့သည့် လုပ်ခနှုန်းအတိုင်း ၃ လတွက် လုပ်ခအောက်မနည်း ၆ လတွက် လုပ်ခထက်မပိုသည့်ငွေကို၊ ရရှိသည့်ဒဏ်ငွေထဲမှ လျော်ကြေး အဖြစ်ပေးစေရန် အမိန့်ချမှတ်ရမည်။


(၂) ဤပုဒ်မအရ အလုပ်ရှင်အားစွဲဆိုသော မည်သည့်မှုခင်းကိစ္စတွင်မဆို၊ အလုပ်ရပ်စဲခဲ့ရခြင်းမှာ၊ အလုပ်တွင်ပြန်လည်ခန့်ထားရမည့်တာဝန်ဝတ္တရားကို ရှောင်တိမ်းလွှဲဖယ်လိုသောကြောင့် မဟုတ်ဟု အလုပ်ရှင်က သက်သေထင်ရှားမပြနိုင်သမျှ ကာလပတ်လုံး၊ အဆိုပါ တာဝန်ဝတ္တရားကို ရှောင်တိမ်း လွှဲဖယ်လိုသောကြောင့် အလုပ်ရှင်က အလုပ်ရပ်စဲခဲ့သည်ဟု ယူဆရမည်။


အချိန်ပိုင်း စစ်မှုထမ်းသူများဆိုင်ရာ ပြဋ္ဌာန်းချက်များ။


၃၅။ ။ (၁) ဤအက်ဥပဒေအရ မည်သူကိုမဆို၊ အချိန်ပိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်သောကြောင့်၊ ထိုသူ၏ အလုပ်ရှင်က၊ ထိုသူဆောင်ရွက်ရသည့်၊ သို့တည်းမဟုတ် ဆောင်ရွက်ရမည်ဖြစ်သည့် တာဝန်ဝတ္တရား များကို အကြောင်းပြု၍၊ ထိုသူကို အလုပ်မှရပ်စဲလျှင်၊ ထိုသူ၌၊ အလုပ်ရှင်က ၎င်းအားနောက်ဆုံး ပေးခဲ့သော လုပ်ခနှုန်းအတိုင်း၊ ၃ လတွက် လုပ်ခအောက်မနည်း ၆ လတွက် လုပ်ခထက်မပိုသည့်ငွေကို လျော်ကြေး အဖြစ် အရတောင်းခံပိုင်ခွင့်ရှိရမည်။


(၂) လျော်ကြေးနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်ခုခုပေါ်ပေါက်လျှင် နစ်နာသူသည် မိမိ၌ လျော်ကြေးအရ တောင်းခံနိုင်သောအခွင့်အရေးရှိ မရှိဆုံးဖြတ်ပေးရန်၊ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီသို့ သတ်မှတ် ထားသည့် ကာလအပိုင်းအခြားအတွင်း လျှောက်ထားနိုင်သည်။ အဆိုပါ ကော်မတီသည် အဆိုပါ အခွင့်အရေးရှိသည်ဟု ယုံကြည်ကျေနပ်လျှင်၊ လျှောက်ထားသူက အရတောင်းခံပိုင်ခွင့်ရှိသည်ဟု မိမိယူဆသော ငွေကို၊ အလုပ်ရှင်က ထိုလျှောက်ထားသူအား ပေးစေဟုအမိန့်ချမှတ်ရမည်။


(၃) ဤပုဒ်မအရ လျော်ကြေးတောင်းဆိုသည့်မှုခင်းကိစ္စတွင်၊ အလုပ်ရပ်စဲခဲ့ရခြင်းမှာ အလုပ်အကိုင်တွင် ပြန်လည်ခန့်ထားရမည့် တာဝန်ဝတ္တရားကို ရှောင်တိမ်းလွှဲဖယ်လိုသောကြောင့်မဟုတ်ဟု အလုပ်ရှင်က သက်သေထင်ရှားမပြနိုင်သမျှ ကာလပတ်လုံး၊ အဆိုပါ တာဝန်ဝတ္တရားကို ရှောင်တိမ်းလွှဲဖယ်လိုသော ကြောင့် အလုပ်ရှင်က အလုပ်ရပ်စဲခဲ့သည်ဟု ယူဆရမည်။


၃၆။ ။ မည်သည့်ယခင်အလုပ်ရှင်မဆို၊ ပုဒ်မ ၃၅ အရ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ချမှတ် သည့်အမိန့်တစ်ခုခုကို လိုက်နာရန် ပျက်ကွက်လျှင်၊ သုံးနှစ်ထိအလုပ်ကြမ်းဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ် စီရင်ခြင်းခံရမည်၊ သို့ရာတွင် ဤပုဒ်မအရစီရင်သည့် ငွေဒဏ်သည် ပုဒ်မ ၃၅၊ ပုဒ်မခွဲ(၂) အရ အလုပ်ပြန်လည် ခန့်ထားရေးကော်မတီက ချမှတ်သည့် လျော်ကြေးအောက် မနည်းစေရ။ ထို့ပြင်ရရှိ သည့်ဒဏ်ငွေထဲမှ၊ အလုပ်ပြန်လည်ခန့်ထားရေးကော်မတီက ချမှတ်သည့်လျော်ကြေးနှင့် ညီမျှသောငွေကို သက်ဆိုင်ရာအလုပ် သမားအား လျော်ကြေးအဖြစ်ပေးစေရန် အမိန့်ချမှတ်ရမည်။


အလုပ်နှင့်သက်ဆိုင်သည့် သဘောတူစာချုပ်။


၃၇။ ။ အလုပ်သမားများအား၊ စစ်မှုထမ်းရန်ဆင့်ခေါ်သည့်အခါ၊ အလုပ်ရှင်နှင့်အလုပ်သမားတို့ အချင်း ချင်းချုပ်ဆိုအတည်ဖြစ်လျက်ရှိသော အလုပ်နှင့်ဆိုင်သည့်သဘောတူစာချုပ်ကို သို့တည်းမဟုတ် အလုပ် သင်သဘောတူစာချုပ်ကို၊ တရားမျှတစွာ စီမံနိုင်စေရန်အလို့ငှာ၊ နိုင်ငံတော်သမ္မတသည် နည်းဥပဒေများ ဖြင့် အဆိုပါစာချုပ်ချုပ်ဆိုသူတို့အား၊ စစ်မှုထမ်းရန်လိုအပ်သော ကာလအပိုင်းအခြား နှင့်စပ်လျဉ်း၍၊ ထိုစာချုပ်အရ၊ ထိုသူတို့ဆောင်ရွက်ရမည့် တာဝန်အားလုံးမှဖြစ်စေ၊ တစ်ခုခုမှဖြစ်စေ လွတ်ငြိမ်းစေနိုင် သည့်ပြင် ထိုစာချုပ်အရ လုပ်ကိုင်ရမည့်၊ သို့တည်းမဟုတ် အလုပ်သင်ရမည့် ကာလအပိုင်းအခြားကို၊ အဆိုပါစစ်မှုထမ်းရန် လိုအပ်သော ကာလအပိုင်းအခြားထက် မပိုသောကာလအပိုင်း အခြားအတွက် တိုးပေးပြီးလျှင်၊ ထိုစာချုပ်ပါ စည်းကမ်းချက်များကို၊ ထိုသို့တိုးပေးသည့်ကာလ အပိုင်းအခြားနှင့် စပ်လျဉ်း၍ ဆီလျော်အောင်ပြုလုပ်ကာ၊ အဆိုပါစာချုပ်ကိုလည်း ပြောင်းလဲနိုင်သည်။


အဖွဲ့များနှင့် ကော်မတီများခန့်ထားနိုင်သည့်အာဏာ။


၃၈။ ။ နိုင်ငံတော်သမ္မတသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို၊ နည်းလမ်းတကျနှင့် ထိရောက်စွာ ဆောင်ရွက်ရန်အဖွဲ့၊ သို့တည်းမဟုတ် အဖွဲ့များကိုလည်းကောင်း၊ ကော်မတီ၊ သို့တည်းမဟုတ် ကော်မတီ များကို လည်းကောင်းခန့်ထားနိုင်သည်။


၃၉။ ။ ပထမတန်း ရာဇဝတ်တရားသူကြီးရုံးအောက်နိမ့်သော မည်သည့်တရားရုံးကမျှ။ ဤအက်ဥပဒေ အရ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတစ်ခုခုကို၊ စစ်ဆေးစီရင်ခြင်းမပြုရ။


၄၀။ ။ (၁) ဤအက်ဥပဒေနှင့်အညီဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေများနှင့်အညီဖြစ်စေ၊ သဘောရိုးဖြင့်ပြုလုပ်သည့်၊ သို့တည်းမဟုတ် ပြုလုပ်ရန် ကြံရွယ်သည့်ပြုမှုတစ်ခုခုအတွက်၊ မည်သူ့ကိုမျှ၊ တရားမမှုဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ၊ အခြားတရားမှုခင်းဖြစ်စေ စွဲဆိုခြင်းမပြုရ။


(၂) ဤအက်ဥပဒေအရ အခြားနည်းအတည့်အလင်း ပြဋ္ဌာန်းထားသည်မှတစ်ပါး၊ ဤအက်ဥပဒေနှင့် အညီဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီဖြစ်စေ၊ ပြုလုပ်သည့်၊ သို့တည်း မဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် ပြုမှုကြောင့်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ဟန်လက္ခဏာရှိသော နစ်နာမှု တစ်ခုခုအတွက်၊ အစိုးရအား၊ တရားမမှုဖြစ်စေ၊ အခြားတရားမှုခင်းဖြစ်စေ စွဲဆိုခြင်းမပြုရ၊


နည်းဥပဒေများပြုနိုင်သည့်အာဏာ။


၄၁။ ။ (၁) နိုင်ငံတော်သမ္မတသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန်အလို့ငှာ၊ အမိန့်ကြော်ငြာစာဖြင့် နည်းဥပဒေများပြုနိုင်သည်။


(၂) ပုဒ်မခွဲ (၁) ပါအာဏာ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အထူးအားဖြင့် ထိုနည်းဥပဒေများ သည်၊ အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်၊


[“(က) ပုဒ်မ ၄ နှင့် ၄-ကပါကိစ္စများ။]”


(ကက) ဆင့်ခေါ်ခြင်းခံရသူနှင့် စပ်လျဉ်းသည့်အကြောင်းအရာများကိုလည်းကောင်း၊ ပုဒ်မ ၇ အရ၊ လိုအပ် သည့်အတိုင်း အရေးကြီးသည့်အကြောင်းအရာများကိုလည်းကောင်း၊ သတ်မှတ်ရန်ကိစ္စ၊


(ခခ) ပုဒ်မ ၈ အရ၊ ဆေးစစ်အဖွဲ့နှင့် အထက်တန်းဆေးစစ်အဖွဲ့များဖွဲ့စည်းပုံဖွဲ့စည်းနည်းနှင့် ထိုအဖွဲ့များ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများသတ်မှတ်ရန်ကိစ္စ။


(ဂဂ) ပုဒ်မ ၉ အရ၊ အခြေခံသင်တန်းပြီးဆုံးသည့်နောက် ဆောင်ရွက်ရမည့်စိုက်ပျိုးမှုသင်တန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုသင်တန်း၊ သို့တည်းမဟုတ် နိုင်ငံတော်ပြန်လည်ထူထောင်ရေးလုပ်ငန်း တစ်ခုခု၊ သို့တည်းမဟုတ် စီးပွားရေးထူထောင်မှုလုပ်ငန်းတစ်ခုခု၊ သို့တည်းမဟုတ် မိန်းမများထမ်းရွက် ရမည့် တာဝန်ဝတ္တရားများ သတ်မှတ်ရန်ကိစ္စ။


(ဃဃ) ပုဒ်မ ၁၁ အရ၊ ဆင့်ခေါ်ရေးအဖွဲ့များနှင့် ဆင့်ခေါ်ခြင်းခံရသူက လိုက်နာရမည့် စည်းကမ်း နည်းလမ်းများ သတ်မှတ်ရန်ကိစ္စ။


(ငင) ပုဒ်မ ၁၇ အရ၊ အကြောင်းအရာများ သတ်မှတ်ရန်ကိစ္စ၊


(စစ) ပုဒ်မ ၂၁၊ ပုဒ်မခွဲ(၂) အရ၊ စည်းကမ်းနည်းလမ်းများသတ်မှတ်ရန်ကိစ္စ။


(ဆဆ) ပုဒ်မ ၂၃၊ ပုဒ်မခွဲ(၃) အရ၊ အလုပ်ပြန်လည်ခန့်ထားရေးအတွက် လျှောက်လွှာတင်သွင်းရန် နည်းလမ်းသတ်မှတ်ရန်ကိစ္စ။


(ဇဇ) ပုဒ်မ ၃၇ အရ၊ အလုပ်နှင့်စပ်လျဉ်းသည့်သဘောတူစာချုပ်ကို သို့တည်းမဟုတ်၊ အလုပ်သင် စာချုပ်ကို တရားမျှတစွာ စီမံရေးကိစ္စ။


(ဈဈ) အရံစစ်မှုထမ်းများ စစ်မှုမထမ်းသည့်အခါ၊ ၎င်းတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ သတ်မှတ်ရန်ကိစ္စ။


(ညည) နည်းဥပဒေများဖြင့် သတ်မှတ်ရမည့်၊ ဤအက်ဥပဒေပါ အခြားကိစ္စများ။


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


ဦးဝင်းမောင်၊

နိုင်ငံတော်သမ္မတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၂၀ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်။

(၁၉၅၉ ခုနှစ်၊ မတ်လ ၁၁ ရက်။)


အမိန့်အရ၊

ပါစိန်၊

နိုင်ငံတော်သမ္မတ၏အတွင်းဝန်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)