နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ကောင်စီရုံး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တက်‌ရောက်ပြီး ပိတောက်ပင်ကိုစိုက်ပျိုးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ကောင်စီရုံး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တက်‌ရောက်ပြီး ပိတောက်ပင်ကိုစိုက်ပျိုးပေး





MNP - ဇွန်   ၁၇


နေပြည်တော်ကောင်စီရုံး ၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီ တွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ သတ်မှတ်နေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီပရဝဏ်အတွင်း စိမ်းလန်းသာယာလှပစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများရရှိစေရေး၊ သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းရေးလုပ်ငန်းများမှာ အများ ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်၍ ယခုလို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းဟာ ဂေဟစနစ်၊ ပြန်လည်ကောင်းမွန် ရှင်သန်ရေးနှင့် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ တစ်ဦးချင်းစီက ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်း စောင့်ရှောက်ကြရမှာဖြစ်ပြီး သစ်ပင်များစိုက်ပျိုးပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြဖို့လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်တာ နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အဓိကထားဆောင်ရွက်နေတာ ဖြစ်သည့်အတွက် Green City ၊ Clean City ၊ Smart City အဖြစ် သစ်တောသစ်ပင်များနှင့် စိမ်းလန်းစိုပြည်စေရေး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့ကို အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ကြဖို့လိုကြောင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု ဖြစ်စဉ်များလျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည်တည်တံ့စေရေး၊ သစ်တောသယံဇာတများ နောင်သားစဉ်မြေးဆက်အထိ ထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့်အတူ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပိတောက်ပင်ကိုစိုက်ပျိုးပေးသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က မဟော်ဂနီပင်ကိုလည်းကောင်း၊  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တမလန်းပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်က ရင်းမာပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ကျွန်းပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က ဆီသပြေပင်ကိုလည်းကောင်း သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုးပေးကြသည်။


ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ကြသည်။


ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ရင်းမာ၊ မဟော်ဂနီ၊ စစ်၊ မန်ဂျန်ရှား၊ ဆီသပြေပင်စသည့် ပျိုးပင်မျိုးစုံ စုစုပေါင်း(၂၀၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)