MNP - ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီခွဲက ဝိန်းဝိုင်ရပ်ကွက်ရှိ တောင်သူဦးဂျော်နီ၏ မြေနေရာတွင် ခရိုင်/မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်တွင် မိသားစု တစ်ပိုင်တစ်နိုင် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိရစ္ဆာန်များ အစာဝလင်စွာ ကျွေးမွေးနိုင်ရေးအတွက် ရည်ရွယ်၍ ခရိုင်/မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုဝင်း၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူ၊ မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူများက တောင်သူဦးဂျော်နီ၏ မြေနေရာတွင် နေပီယာမြက် တစ်ဧက စိုက်ပျိုးပေးခဲ့ကြသည်။
“ကျွန်တော်တို့ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေနဲ့ ရပ်ကွက်၊ ကျေးရွာတွေကို စဉ်ဆက်မပြတ် ကွင်းဆင်းပြီး တိရစ္ဆာန်ကျန်းမာရေးအတွက် ကုသခြင်းများနဲ့ ရောဂါကာကွယ်ရေး နည်းလမ်းများကိုလည်း အသိပညာပေး သင်တန်းတွေ သင်ကြားပို့ချပေး ပါတယ်၊ အခုစိုက်ပျိုးပေးတဲ့ တိရစ္ဆာန်အစာ နေပီယာမြက် အောင်မြင် ဖြစ်ထွန်းလာပါက မိုင်းဆတ်မြို့နယ် အတွင်းမှာရှိတဲ့ တိရစ္ဆာန်မွေးမြူသူတွေကို မျိုးဖြန့်ဝေ ပေးသွားမှာပါ၊ တိရစ္ဆာန်မွေးမြူသူတွေအနေနဲ့ ဒီနေပီယာမြက်ကို စိုက်ပျိုးခြင်းကြောင့် တိရစ္ဆာန်အစာအတွက် လုံလောက်မှာ ဖြစ်လို့ ဒေသခံ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းအောင် ပံ့ပိုးကူညီပေးခြင်း ဖြစ်ပါတယ်”ဟု ခရိုင် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ပြောသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment