ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် အာဇာနည်နေ့နှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးနှင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် အာဇာနည်နေ့နှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးနှင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



MNP - ဇွန်  ၂၉


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရေး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် ၂၀၂၂ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ယမန်နေ့အစည်းအဝေးကို ခေါင်းစဉ်(၃)ခုပေါင်းပြီး အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်း၊ လာမည့်ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခဲ့ပြီးဖြစ်သည့်အတွက် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အခမ်းအနားကျင်းပသည့်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် အရှင်သူမြတ်များ ပင့်ဖိတ်၍ ပရိတ်တရားတော်များ နာယူနိုင်ရေးနှင့် နေ့ဆွမ်းဆက်ကပ်နိုင်ရေး၊ ခရစ်ယာန်ဆရာတော်ကြီးများ ပင့်ဖိတ်၍ အာဇာနည်နေ့ ဆုတောင်းပွဲ ကျင်းပနိုင်ရေးတို့ကို ကြိုတင်စီစဉ်ထားရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။ ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်သည့်ဦးတည်ချက် (၉)ရပ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်၊လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင်ရှောက်ရေးဟူသော အချက်(၁)ချက် ပါဝင်ပါကြောင်း၊ အဆိုပါ ဦးတည်ချက်နှင့်အညီ လာမည့်အောက်တိုဘာလတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို  ကျင်းပရန် စီစဉ်လျက်ရှိရာ ချင်းပြည်နယ်အနေဖြင့် ပြိုင်ပွဲအမျိုးအစားအားလုံးတွင် ပါဝင်ယှဉ်ပြိုင်ရန် အခက်အခဲရှိနိုင်သော်လည်း ပါဝင်ယှဉ်ပြိုင်နိုင်မည့် ပြိုင်ပွဲအမျိုးအစားများတွင် ကောင်းသော ယှဉ်ပြိုင်မှုဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ယခုအချိန်မှစ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည့် ၂၀၂၂ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။ 


ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်း ကော်မတီများ ဖြစ်သည့် အလံတင်အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၊ ဆွမ်းကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမားရေးလုပ်ငန်းကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးတို့က လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ပြည်နယ်ဦးစီးမှူး ဦးစိုးမင်းအုန်းတို့က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ချင်းပြည်နယ်မှ ပါဝင်ယှည်ပြိုင်နိုင်မည့် ပြိုင်ပွဲ အမျိုးအစားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ၂၀၂၂ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးဦးသန်းအေးဆွေက ကော်မတီဖွဲ့စည်းမှု အခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်သာသနာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထွေးက ယခင်နှစ်ဆောင်ရွက်ခဲ့မှုနှင့် ယခုနှစ်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းကော်မတီ၊ ပင့်ဆောင်ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၊ ဆွမ်းချက်ပြုတ်ရေးလုပ်ငန်းကော်မတီ၊ သတင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးလုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် လိုအပ်ချက် များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။


ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)