MNP - ဇွန် ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ဓါတ်မြေသြဇာဈေး ကြီးမြင့်မှုပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် အီးအမ်ဘိုကာရှီ မြေဆွေးပုံများ စံနမူနာလက်တွေ့ သရုပ်ပြပြုလုပ်ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်အတွင်းရှိ တောင်သူများ စွန့်ပစ်အမှိုက်၊ စွန့်ပစ်တိရစ္ဆာန်အညစ်အကြေးများကို အကျိုးရှိရှိအသုံးပြုပြီး သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် ကုန်ကျစရိတ် သက်သာစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ပြသရခြင်းဖြစ်ကြောင်းနှင့် မြေဆွေးပုံတစ်ပုံလျှင် ၆ပေx၄ပေx၃ပေ ပြုလုပ်ပြီး တစ်ပုံလျှင် အလွှာ၆လွှာပြုလုပ်ကာ တစ်လွှာတွင် စွန့်ပစ်အမှိုက်(ကောက်ရိုး၊ မြေပဲရိုး၊ မြေပဲခွံ၊ မြက်ခြောက်/အစို၊ နှမ်းရိုး၊ စပါးခွံ) ၆လက်မ ထည့်ပြီး၊ တင်လဲရည် လီတာဝက်နှင့် EM လီတာဝက်ကို ရေဖျော်ဖျန်းပြီးလျှင် ဖွဲနု ၄ဗူးဖြူးရကြောင်း ပြီးလျှင်နွားချေး/ကဿ်ချေး ၈ပြည်ထည့်လျှင် တစ်လွှာရရှိပြီး အဆိုပါအတိုင်း ၆လွှာပြုလုပ်လျှင် အီအမ်ဘိုကာရှီမြေဆွေး တစ်ပုံရရှိမည်ဖြစ်ကြောင်း၊ အီအမ်ဘိုကာရှီ မြေဆွေးများကို အပေါ်မှ ပလပ်စတစ်အမဲစနှင့် လေလုံအောင် ဖုံးအုပ်ပေးရမည် ဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက အီအမ်ဘိုကာရှီမြေဆွေးများ လက်တွေ့သရုပ်ပြ စံနမူနာ ပြုလုပ်မှုနှင့်အတူ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment