ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 


MNP - ဇွန်   ၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ တက်ရောက်သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အား စတဲ့ အခြေခံ အဆောက်အအုံကောင်းများနှင့် ပြည့်စုံတဲ့ နေပြည်တော်အား Green City, Clean City, Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တည်ရှိသော မြေသယံဇာတများကို အကျိုးရှိရှိ အသုံးချပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးမြေများအား တစ်သီးစိုက်မှ နှစ်သီးစိုက်၊ နှစ်သီးစိုက်မှ သုံးသီးစိုက် မြေများအဖြစ် အကျိုးရှိစွာတိုးချဲ့စိုက်ပျိုးကြရန်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်တဲ့ သီးနှံများ ကိုလည်း ပိုမိုစိုက်ပျိုးကြရန် လိုအပ်သလို ရေ၊ မြေ၊ ရာသီဥတု အခြေအနေ များနှင့်အညီ လိုအပ်တဲ့ ပံ့ပိုးဖြည့်ဆည်းပေးမှုများဖြင့် တောင်သူလယ်သမားများအား စည်းရုံးခြင်း၊ အထွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေး အသိပညာများ မျှဝေပေးခြင်းတို့ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဆည်ရေသောက် ဧရိယာများကို စိုက်ပျိုးရေ အပြည့်အဝရရှိရေးအတွက် ဆည်မြောင်း၊ တာတမံများ၊ ရေလှောင် တမံများ၊ ရေပေးမြောင်းများအား ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများ၊ မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေ ရရှိရေးလုပ်ငန်းများကိုလည်း တပြိုင်တည်း ဆောင်ရွက်ကြရန်နှင့် စနစ်ကျ လယ်ယာမြေများ ပိုမိုတိုးချဲ့ဖော်ထုတ်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မွေးမြူရေးကဏ္ဍ အပေါ်လည်းများစွာ အထောက်အကူပြုတာကြောင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၊ ငါးမွေးမြူရေး လုပ်ငန်း များမှာလည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းများမှ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းလိုအပ်ချက်များရှိပါက အချိန်မီညှိနှိုင်းဖြည့်ဆည်းပေးရန်နှင့် အဆင့်ဆင့်တင်ပြဆောင်ရွက်သွားကြရန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား စံပြဖွံ့ဖြိုးတိုးတက်သည့် နယ်မြေတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် တက်ရောက်လာသူများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နေပြည်တော်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ၏ သီးနှံထုတ်လုပ်မှုတိုးတက်ရန် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက လုပ်ငန်းများကို အောင်မြင်အောင် ရည်မှန်းချက်ထား၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများအား အသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ သားငါးကဏ္ဍများကို အလေးထားပြီး ဖွံ့ဖြိုးတိုးတက် အောင် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)