မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုပြီး မူကြမ်းနှင့်ပတ်သက်၍ ကျောက်ခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုပြီး မူကြမ်းနှင့်ပတ်သက်၍ ကျောက်ခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ



MNP ၊ ဇွန် ၁၄

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့် ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီ ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန်အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့် ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ၊ ဝန်ထမ်းများ၏ ကျောက်ခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို (၁၃-၆-၂၀၂၂) ရက်နေ့နှင့် (၁၄-၆-၂၀၂၂) ရက်နေ့တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည့်အားလျော်စွာ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ အကြံပေးပညာရှင်များ၊ ကျောက်ခတ် သုတေသနတူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ဌာနမှဝန်ထမ်းများ (၅၀) ဦးတို့ တက်ရောက်ကြပါသည်။


အမေရိကန်ပညာရှင် T.O.Morris, Dr. H.L.Movius နှင့် Dr. H.de Terra တို့ အမည်ပေးခဲ့သည့် ကျောက်ခေတ်ဦး (သို့မဟုတ်) ကျောက်ခေတ်ဟောင်း ကာလထွန်းကားခဲ့ကြောင်း၊ ထို့နောက် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်များသို့ အဆင့်ဆင့်ဖြတ်သန်းခဲ့ပြီး ကြေးခေတ်၊ သံခေတ်များသို့ ကူးပြောင်းထွန်းကားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းခေတ်များနှင့် ပတ်သက်၍ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပညာရှင်များ စုဖွဲ့ပြုစု ရေးသားထုတ်ဝေခဲ့သော “အခြေပြမြန်မာနိုင်ငံရေးသမိုင်း" ကိုသာ ကိုးကားရကြောင်း၊ နှစ်ပေါင်း (၅၀) ၊ကျော်လွန်ပြီဖြစ်သည့် ယခုကာလတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ကျောက်ခတ်သမိုင်းစဉ်ဆိုင်ရာ သုတေသနပြုမှု အကြိမ်ပေါင်းများစွာမှ အသစ်အသစ်သောတွေ့ရှိချက်များ တွေ့ရှိခဲ့ပါကြောင်း၊ ထို့အတူ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် အချို့သမိုင်းခေတ်များမှာ များစွာပီပြင်ပုံပေါ် လာပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သမိုင်းခေတ်များကို ပြန်လည်ပြင်ဆင် ရေးသားပြုစု ထုတ်ဝေရန် လိုအပ်လာပြီဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်း/ပြည်ပသုတေသီများ၊ ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများအနေဖြင့် မြန်မာနိုင်ငံ၏သမိုင်းစဉ် ပြောင်းလဲဖြစ်တည်မှုကို သိရှိကိုးကားနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာလူမျိုးများသည် မြန်မာ့ရေမြေတွင် ပေါက်ဖွားကြီးပြင်းလာပြီး သမိုင်းခေတ်ကာလ အဆင့်ဆင့်ကို ကျော်ဖြတ်လျက် ယနေ့ခေတ်ကာလအထိ ရောက်ရှိခဲ့သည်ကို ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်ပြီး မိမိလူမျိုး ၊ မိမိနိုင်ငံနှင့် မိမိတို့သမိုင်းအတွက် ဂုဏ်ယူနိုင်မည်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် အကျိုးရလာဒ်၊ မျှော်မှန်းသည့် မြန်မာ့ရှေးဦးသမိုင်းစဉ် ပြောင်းလဲမှု၏ ခိုင်မာသည့် အထောက်အထားများကို သိရှိရပါသည်။


ထို့ကြောင့် ဆွေးနွေးပွဲတွင် မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်များ ပြုစုရေးသားထားသော သမိုင်းစဉ် (မူကြမ်း) များအနက်မှ “ကျောက်ခေတ်ကာလသမိုင်းစဉ်" အကြောင်းကို တာဝန်ယူပြုစုသော မြန်မာ့သမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ (၂)၊ ဒေါက်တာတိုးလှ က ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)၊ ကျောင်းအုပ်ကြီး၊ ဦးဝင်းကြိုင်က ၎င်းလက်တွေ့ ကွင်းဆင်း သုတေသနပြုတွေ့ရှိခဲ့သော “ကျောက်ခေတ်သုတေသန” လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။


ကျောက်ခေတ်ဦး (ကျောက်ခေတ်ဟောင်း) ခေါ် အညာသားယဉ်ကျေးမှု စတင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၇၅၀၀၀၀ မှ ၂၇၅၀၀၀ အတွင်းမှစတင်၍ ကျောက်ခေတ်သမိုင်းစဉ်ကို ရှင်းလင်းဆွေးနွေးကြပြီး ခိုင်မာသော အထောက်အထားများ၊ သက်တမ်းတွက်ချက်မှုများနှင့် ချိတ်ဆက်ဆွေးနွေး သုံးသပ်ကြပါသည်။ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကျောက်ခေတ်ကာလ သမိုင်းစဉ်တွင် ကျောက်ခေတ်ဦး (ကျောက်ခေတ်ဟောင်း)၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ် ကာလယဉ်ကျေးမှုများ ပါဝင်ပြီး ၊ ဆွေးနွေးပွဲကို ( ၁၃-၆-၂၀၂၂ )ရက်နေ့နှင့် (၁၄-၆-၂၀၂၂ ရက်နေ့ စုစုပေါင်း (၂)ရက် ပြုလုပ်မည်ဖြစ်ပါသည်။ ဆွေးနွေးဖြည့်စွက်ချက်များကို ပြန်လည်ပြင်ဆင်၍ ဒုတိယအကြိမ် ထပ်မံဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်သမိုင်းစဉ် ဆွေးနွေးပွဲကို (၂၀-၆-၂၀၂၂) ရက်နေ့မှ (၂၂-၆-၂၀၂၂) ရက်အထိ အမျိုးသားပြတိုက် (ရန်ကုန်) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ ပညာရှင်များ ပါဝင်ဆွေးနွေးနိုင်ပါကြောင်း၊ ပါဝင်ဆွေးနွေးလိုသည့် ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြုတွေ့ရှိချက်များ၊ တွေ့ရှိထားသည့် ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်၍ အထောက်အထား တင်ပြဆွေးနွေးရန် လိုအပ်ပါကြောင်းနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဖုန်း - 095061832၊ Email : departmentofarchaeologyygn@gmall.com များသို့ ကြိုတင်ဆက်သွယ်ရန် စာရင်းပေးထားရန် လိုအပ်ပါကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)