ကျိုင်းတုံ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ‌ကျင်းပ ပြည်နယ် ဝန်ကြီးတက်ရောက်၍ အမှာစကားပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ‌ကျင်းပ ပြည်နယ် ဝန်ကြီးတက်ရောက်၍ အမှာစကားပြော





MNP - ဇွန်   ၁၅


တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အသိပညာပေးဟောပြောပွဲနှင့်  ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကောက်ယူခြင်း အခမ်းအနားကို ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက် တိုင်းလိခန်းမတွင် ယမန်နေ့နံနက် ၉နာရီခွဲက ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


အခမ်းအနားကို ကျိုင်းတုံမြို့နယ်ရှိ ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေ တိုင်းလုံ၊ တိုင်းလွယ်၊ လားဟူ၊ အာခါ၊ “ဝ”၊ လီဆူ၊ ‌တအာင်း(ပလောင်)၊ ဗမာ၊ အဲန်း၊ အားခေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ “ဒေသတစ်ခုမှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး လူမျိုး၊ ဘာသာ၊ ဓလေ့၊ ရိုးရာယဉ်ကျေးမှု မတူကွဲပြားကြပေမယ့် ဒေသတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်ရည်မှန်းချက်တာဝန် ကတော့တစ်ခုတည်းသာ ဖြစ်သည့်အတွက် ဒီတာဝန်ကို တိုင်းရင်းသားအဖွဲ့တွေအားလုံး စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါကြောင်း” ပြောကြားခဲ့သည်။


ဆက်လက်၍ အသိပညာ‌ပေးဟောပြောပွဲကျင်းပရာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေအကြောင်းကိုလည်ကောင်း၊ အမှတ်(၂၈) မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သန်းအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်းကိုလည်ကောင်း၊ အမှတ်(၁၈)လူကုန်ကူးမှု တာဆီးနိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှုတားဆီးရေး ကိစ္စရပ်များနှင့်ပတ်သက်၍လည်ကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူ ဒေါ်ခင်ခင်မြင့်က လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကိုလည်ကောင်း အသိပညာပေးဟောပြောပြီး တက်ရောက်လာသည့် တိုင်းရင်းသားများထံမှ  ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်း ကောက်ယူခဲ့ကြသည်။


ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး  စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)