ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်၌ အသက် ၅ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကိုလှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်၌ အသက် ၅ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကိုလှည့်လည်ကြည့်ရှုအားပေး





MNP ၊  ဇွန် ၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံနေမှုနှင့် ကျောင်းသားကျောင်းသူများပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရေတပ်)ကျောင်းသို့ သွားရောက်ပြီး  အသက် ၅ နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် စာရင်းဇယားများဖြည့်သွင်းနေမှု၊ ကာကွယ်ဆေးထိုးနှံနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅) အခြေခံပညာမူလတန်း လွန်ကျောင်းနှင့် ဆင်းကူးလမ်းရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှု ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါ ဖြစ်ပွား မှုကို တားဆီးကာကွယ်နိုင်မည့်အခြေအနေ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သားသမီး၊ တပည့်များ၏ ပညာရေးအခွင့်အလမ်းအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေ အနေများအား ရှင်းလင်းပြောကြားကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  မိဘအုပ် ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူ များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း၊ ရောဂါအခံရှိမရှိမေးမြန်းခြင်းများကို ဆောင်ရွက်ကြပြီး ဆေးထိုးနှံပေးကြကာ ဆေးထိုးပြီးနောက်တွင် လည်း မိနစ် ၃၀ အကြာ စောင့်ကြည့် ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ ၃၅၀၀၀၀ ကျော်ရှိကြောင်းသိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)