မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နတ်မောက်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲသို့ တက်ရောက်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နတ်မောက်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲသို့ တက်ရောက်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ ကြည့်ရှုစစ်ဆေး



MNP - ဇွန်   ၁၁


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ၉ နာရီက အဆိုပါဈေးအရှေ့ဘက်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။


ဈေးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်က နတ်မောက် မြို့မဈေးကြီးအား ၁၃-၁၁-၂၀၂၁ ရက်နေ့ညပိုင်းမှာ မီးလောင်ကျွမ်းမှုကြောင့် ဈေးရုံပေါင်း(၂၂)ရုံ၊ ဈေးဆိုင်ခန်းပေါင်း(၂၄၂)ခန်း ဆုံးရှုံးခဲ့ပြီး ဈေးသူ/ဈေးသားများ၏ ပိုင်ဆိုင်မှုများ မီးဘေးသင့်ခဲ့သဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ မြို့မဈေးကြီးသည် မြို့နေလူထု၏စီးပွားရေးမြှုပ်နှံရာ နေရာလည်းဖြစ်ပြီး၊ မီးလောင်ရခြင်း၏ အဓိက အခြေခံ အကြောင်းအရင်းမှာ အရေးပေါ်အခြေအနေတွင်  မီးသတ်ကားများ ဝင်/ထွက်သွားလာနိုင်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ဈေးသူ/ဈေးသား ပြည်သူများရဲ့ ဆုံးရှုံးမှုများကို  အမြန်ဆုံးကုစား နိုင်ရန်အတွက် အဆင့်မီဈေးသစ်ကြီး ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ အကုန်အကျခံပြီး နိုင်ငံတော်ဘတ်ဂျက်ငွေ(၅၅၀)သန်းဖြင့် ဈေးအင်္ဂါရပ်နှင့် ညီညွှတ်ပြီး စနစ်ကျတဲ့  ဈေးပန္နက်ပုံစံရေးဆွဲကာ အဆင့်မီဈေးသစ်ကြီးကို တာဝန်ရှိသူများ အဆင့်ဆင့် ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ယနေ့ဆိုရင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးဖြစ်လို့ ဖွင့်ပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း၊ ဈေးသာယာရေး ကော်မတီ အဖွဲ့များ၊ ဈေးသူ/ဈေးသားများအနေဖြင့် မိမိတို့ဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးကြီးသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့နဲ့ အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများမှာ ပြည်သူများက ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးသိန်းဌေးက နတ်မောက်မြို့ မြို့မစည်ပင်သာယာရေး ဈေးအသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဈေးရောင်းချသူများ စနစ်တကျ ရောင်းချနိုင်ခြင်း၊ စည်းကမ်းရှိစွာ သွားလာဝယ်ယူနိုင်ရန်၊ ဈေးအတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖ ဦးခင်မောင်ဆန်းက ဈေးသူ/ဈေးသားများကိုယ်စား မြို့မစည်ပင်သာယာရေး ဈေးအသစ် ပြန်လည်တည်ဆောက် ပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာ တရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ပင်မ စစ် လက်နက် ပစ္စည်းတပ်(နတ်မောက်)တပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထူးတို့က မြို့မစည်ပင်သာယာရေး ဈေးအသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ရှေ့တွင် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုအား လိုက်လံအားပေးကြည့်ရှု့ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမသို့ ရောက်ရှိပြီး ခန်းမအတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများ စာစီစာကုံးဖြေဆိုနေမှုအား ကြည့်ရှုအားပေးကာ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့သည်။   


ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်မောက်မြို့နယ် နတ်မောက် ရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ တမံရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့်ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က နတ်မောက်ရေလှောင်တမံအတွင်း ဆည်ရေဝင် ရောက်မှု၊ သီးနှံစိုက်ပျိုးမှု၊ ဒေသခံ တောင်သူများအား စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာတမံကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ် ကောင်းမွန်စေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း စိစစ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံးမြောင်းဖျားထိ ရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)