ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ် (Mini-Grid) ဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ် (Mini-Grid) ဖွင့်ပွဲ အခမ်းအနားတက်ရောက်




 MNP -ဇွန်   ၁၅


သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ Talent And Technoiogy C0.,Ltd နှင့် ကျေးရွာနေ ပြည်သူများ စုပေါင်းထည့်ဝင်ငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်း ကျေးရွာနှင့် သံဒိတ်ကျေးရွာတို့တွင် ကျေးရွာမီးလင်းရေး လုပ်ငန်းဖြစ်သည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ် (Mini-Grid) စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


ဆိုလာအသေးစား ဓာတ်အားပေးစနစ် (Mini-Grid) ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားရာ ဧရာဝတီတိုင်းဒေသကြီး အတွင်း မဟာဓာတ်အားလိုင်းမရောက်နိုင်တဲ့ ကျေးရွာတွေရဲ့ Solar Mini Grid မီးလင်းရေး လုပ်ငန်းများတွေကို ဆောင်ရွက်ခဲ့တာမှာ ယနေ့အထိ စီမံကိန်း (၂၉)ခုရှိသည့်အနက် ပြီးစီးခဲ့တဲ့ စီမံကိန်းလုပ်ငန်း (၁၉)ခုထဲမှာ ရေတွင်းကုန်းကျေးရွာနဲ့ သံဒိတ်ကျေးရွာ လုပ်ငန်းတစ်ခု အပါ အဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အရ မဟာဓာတ်အားလိုင်း ပြင်ပကျေးရွာ မီးလင်းရေးကို ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံကဏ္ဍ စုံဖွံ့ဖြိုးရေးဟာ လျှပ်စစ်မီးရရှိရေးအပေါ်မှာ မှီတင်းနေတာ ဖြစ်တဲ့အတွက် ကျေးရွာနေပြည်သူများ၊ ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နိုင်ငံတော်ဘက်ဂျက်တို့နှင့် အချိုးကျ ထည့်ဝင်ဆောင်ရွက်တာဖြစ်ပြီး အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး တင်ပြချက်အရ ထပ်ပြီးလိုချင်တဲ့သူများရှိနေကြောင်း သိရပြီး စီမံကိန်းကလည်း ယခုကဲ့သို့ ယူမယ်လို့ မှန်းမထားတဲ့အတွက်ကြောင့် ၁၀၀ အောက်လုပ်ထားပေမယ့် ယူမည့်သူများသည့် အတွက်ကြောင့် ထပ်ပြီးကြိုးစားဆောင်ရွက်ရမည့် အနေအထားကို တွေ့ရကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်က အင်မတန်မှကို အရေးကြီးပါကြောင်း၊ ကလေးတွေ ကျောင်းတက်တယ်ဆိုလည်း ညပိုင်းမှာ စာပေလေ့လာဖို့ စာကျက်ဖို့ဆိုတာလည်း လျှပ်စစ်မီးရှိမှ အဆင်ပြေမှာ ဖြစ်ပါကြောင်း၊ ဒါကလည်း တစ်ဖက်တစ်လမ်းက ပညာရေးအတွက် ရင်းနှီးမြှုပ်နှံရာ ကျပါကြောင်း၊ အဲ့ဒီလိုပဲ ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးလုပ်ကိုင်နိုင်တဲ့ တစ်ပိုင်တစ်နိုင် အသေးစား၊ အလတ်စား လုပ်ငန်းတွေကိုလည်း ဒီလျှပ်စစ်ကနေ ဆောင်ရွက်နိုင်တဲ့အတွက် ကြောင့် ကျေးရွာလူထုအနေဖြင့် အများကြီး အကျိုးရှိမှာ ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ဧရာဝတီ တိုင်းဒေသကြီးမှာ စီမံကိန်း(၂၉)ခု ဆောင်ရွက်နေတာဖြစ်ပြီး အခုကျေးရွာက (၁၉)ခုမြောက် ဖြစ်ပါကြောင်း၊ ကျန်တဲ့(၁၀)ခုကလည်း မရှေးမနှောင်းပဲ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းအရ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံး လျှပ်စစ်မီးလင်းရေးအတွက် မဟာဓာတ်အားလိုင်းကလည်း လင်းအောင်လုပ်မယ် မဟာဓာတ်အားလိုင်း မရောက်နိုင်တဲ့နေရာတွေကလည်း (Mini-Grid)တွေ၊ တစ်အိမ်ထောင်သုံး ဆိုလာစနစ်တွေနဲ့ ဖြန့်ကျက်ပြီးတော့ ကျွန်တော်တို့ တိုင်းဒေသကြီးမှာရှိတဲ့ ကျေးရွာပေါင်း တစ်သောင်း တစ်ထောင်ကျော်ကို ကျေးရွာအားလုံး မီးလင်းရေး တွန်းအားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒါကြောင့်မို့လည်း (Solar Mini-Grid) မီးလင်းရေးလုပ်ငန်းတွေဟာဆိုရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချနိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစနစ်ဖြစ်ပါ ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြရတဲ့ ကျေးလက်နေ ပြည်သူတွေအတွက် အခုလို လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းတွေက ပိုမိုသင့်လျော်ကောင်းမွန်တာကို တွေ့ရကြောင်း၊ ကျွန်တော်တို့ ခက်ခဲပြီး ဝေးပေမယ့်လည်း ရောက်အောင်လာပြီး အားပေးတာဖြစ်ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့်လည်း ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကျေးရွာကြီး တွေ ဖြစ်ပါစေလို့လည်း ဆုတောင်းရင်းဖြင့် နိဂုံးချုပ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးရွာမီးလင်းရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Solar Mini-Grid အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာမီးလင်းရေးစီမံကိန်း (Solar Mini Grid) ကဗ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများကို ကြည့်ရှုအား‌ပေး၍ လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။


အဆိုပါ စီမံကိန်းကို နိုင်ငံတော် မတည်ငွေ (၄၆၂.၆၁၇၄)သန်း၊ ကုမ္ပဏီရင်းနှီးထည့်ဝင်ငွေ (၁၆၇.၁၄၁၆)သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ (၁၄၁.၂၇)သန်း စုစုပေါင်း စီမံကိန်းကုန်ကျ ငွေ (၇၇၁.၀၂၉)ကျပ်သန်းဖြင့် Talent And Technoiogy C0.,Ltd က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ရေတွင်းကုန်း၊ သံဒိတ်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ စာသင်ကျောင်း (၄)ကျောင်း၊ ဆေးပေးခန်း (၁)ခု၊ အိမ်ခြေ (၃၁၀)အိမ်ရှိ မိသားစုများနှင့် လမ်းမီးတိုင် (၆၀၃)တိုင်တို့အား လျှပ်စစ်မီးများ (၂၄)နာရီ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)