PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်



MNP ၊ ဇွန် ၂၀

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတို့၌ ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စလင်းမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် တောင်ငူမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား ၆ ဦးတို့ကို ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားရှိရာ PDF အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၄ ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၆ ဦး၊ စုစုပေါင်း ၆၆ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)