MNP - ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးရာသီ RS to CS မျိုးသန့်ထုတ်စိုက်ခင်းအား ကောက်စိုက်စင်ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့ညနေ ၂ နာရီခွဲအချိန်က ကျွဲခြံချောင်းဖျားကျေးရွာအုပ်စု၊ နွားရေကျော်ကျောင်းကြီးစုကျေးရွာ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းထက်မှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနီးနီးတွေ့ဆုံကာ တောင်သူဦးအေးခိုင်၏ ကွင်း/ဦးပိုင် ၁၃၁၁၊ ၃၉/၁ (၃) ဧက စိုက်ကွက်တွင် ပေါ်ဆန်းရင်ပျိုးပင်များအား ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ သည်။
အဆိုပါကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် ရရှိလာမည့် အကျိုးကျေးဇူးများဖြစ်သော မျိုးစေ့သုံးစွဲမှု လျော့နည်းသက်သာစေခြင်း၊ စပါးပင်ရှင်သန်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန် သေချာခြင်း၊ ပင်ပွားရရှိမှုပိုမိုများပြားခြင်း၊ စပါးအပင်ကြီးထွားမှုညီညာခြင်း၊ ကောက်ပင် ဝင်ဆန့်မှုမှန်ကန်ခြင်း၊ လုပ်သားရှားပါးမှုပြသနာအား ဖြေရှင်းနိုင်ပြီး စိုက်ပျိုးစရိတ် သက်သာခြင်း၊ စပါးအထွက်နှုန်းတိုးပွား၍ စက်ကိရိယာများ ဝင်ရောက်ပေါင်းရှင်းရိတ်သိမ်းရန် လွယ်ကူခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးအရာရှိဦးကျော်ဌေးထံမှ သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment