စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့်အထိမ်းအမှတ် Synthetic ပြေးလမ်းဖွင့်ပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့်အထိမ်းအမှတ် Synthetic ပြေးလမ်းဖွင့်ပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်   ၂၂


စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နိုင်ငံ့လက်ရွေးစင် တိုင်းဒေသကြီးဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် မြို့နယ်များ အတွင်းရှိ ထူးချွန်သည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်း၊ ဘောလုံးကွင်းဖွင့်ပွဲနှင့် ကွင်းဖွင့်ပွဲအထိမ်းအမှတ် အမျိုးသား မီတာ ၁၀၀၀၀ နှင့် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖ များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း နိုင်ငံတော်ရဲ့အားကစားမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့ မြို့နယ်များရှိ ပြည်သူ့ အားကစားကွင်းများကို ဘဏ္ဍာနှစ်အလိုက် ဘက်ဂျက်များရေးဆွဲကာ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊


(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ ပြေးခုန်ပစ်အားကစား ပြိုင်ပွဲတွင်လည်း နိုင်ငံ့ ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားအဖြစ် စစ်ကိုင်းမြို့မှ မောင်နန်းထက် မောင်နှင့် ကသာမြို့မှ မပပဦးတို့ကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးမှ ထပ်မံမွေးထုတ်ပေး နိုင်ခဲ့ပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးခဲ့သည့် Synthetic ပြေးလမ်းကို စနစ်တကျနဲ့ ရေရှည် တည်တံ့အောင် စောင့်ရှောက်ထိန်းသိမ်းပြီး ထူးချွန်တဲ့ တိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ လေ့ကျင့်တဲ့ အားကစားကွင်း/ရုံများကိုလည်း မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့သဘောထားကာ သန့်ရှင်းသပ်ရပ် သာယာလှပရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့ရဲ့ အားကစားမှာ ထူးချွန်သန်စွမ်းကျန်းမာတဲ့ အားကစားသမားများဖြစ်အောင် လေ့ကျင့်ကြိုးစား သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်း တည်ဆောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် - ၁ ၊ ဒုတိယဗိုလ်မှူးကြီးတို့က စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ကွင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့သည့် အမျိုးသား မီတာ ၁၀၀၀၀ နှင့် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြို့နယ်အားကစားမှူးထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အမျိုးသားမီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ ဆုရရှိကြသူများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီး မီတာ ၃၀၀၀ ဆုရရှိကြသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ငွေသားဆု အသီးသီးတို့ကို ပေးအပ်ချီးမြင့် ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြပြီးနောက် ပြေးခုန်ပစ် အားကစား အထောက်အကူပြု ပစ္စည်းများနှင့် Synthetic ပြေးလမ်းတို့အား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။


အဆိုပါ စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်းအား ၂၀၂၁ - ၂၀၂၂ လဏ္ဍာနှစ် (၆) လဘက်ဂျက် ပြည်ထောင်စုခွင့်ပြုငွေကျပ် - ၁၅၅၀ သန်းဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)