ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အသင်း/အဖွဲ့(၁၀)ဖွဲ့ထံ တိုင်းရင်းသားပုံပြပုံပြင် စာအုပ်(၂၀၀၀၀)ကျော် ဖြန့်ဝေပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အသင်း/အဖွဲ့(၁၀)ဖွဲ့ထံ တိုင်းရင်းသားပုံပြပုံပြင် စာအုပ်(၂၀၀၀၀)ကျော် ဖြန့်ဝေပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား




MNP - ဇွန် ၃၀


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးမှ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များထံ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားသည်။


အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ယနေ့ပေးအပ်မည့် ပုံပြပုံပြင်စာအုပ်များကို ကလေးများထံ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသား ကလေးများအနေဖြင့် မိမိဘာသာစာပေကို သင်ကြားခွင့်ရရှိသည့်အပြင် အခြားဘာသာစာပေများကို သင်ယူလေ့လာရာတွင်လည်း နားလည်မှုစွမ်းရည်ပိုမိုဖွံဖြိုးတိုးတက်စေမည် ဖြစ်ပါကြောင်း၊ ထိုအပြင် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေးနှင့်ပတ်သက်၍ ယခင်ကထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာပြီဖြစ်သည့်အတွက် တိုင်းရင်းသားများအနေဖြင့် မိမိတို့စာပေဖွံ့ဖြိုးတိုးတက်ရေး ရရှိလာသည့် အခွင့်အရေးများကို လက်လွတ်မခံဘဲ အတူတကွလက်တွဲကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာ(၂)မျိုးဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် ပုံပြပုံပြင်စာအုပ်ပေါင်း (၂၃၇၄၆)အုပ်ကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များထံ ပေးအပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံတို့က တိုင်းရင်းသားဘာသာ/မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် ဂျိန်းဖော့(၄၈၀၀)အုပ်၊ လော်ဝေါ်(၃၁၂၀)အုပ်၊ လာချိဒ် (၁၄၇၀)အုပ်၊  ဇိုင်ဝါး (၄၈၀)အုပ်၊ လီဆူ (၂၁၀၀)အုပ်၊ ရဝမ်(၃၆၀၀)အုပ်၊ တိုင်းလိုင်(၃၈၄၀)အုပ်၊ တိုင်းလေ (၂၈၀၈)အုပ်၊ တိုင်းခမ်းတီ (၁၀၈၀)အုပ်နှင့် ဗမာ(၄၄၈)အုပ်တို့ဖြင့် ပုံပြစာအုပ် စုစုပေါင်း(၂၃၇၄၆)အုပ်ကို စာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့(၁၀)ဖွဲ့တို့မှ တာဝန်ရှိသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များကိုယ်စား တိုင်းလိုင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ပြုံးရည်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့ တာဝန်ရှိသူများက တိုင်းရင်းသားဘာသာပုံပြ ပုံပြင်စာအုပ်များကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။


ကချင်ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန အနေဖြင့် ဝန်ကြီးဌာနမှ ပုံနှိပ်ဖြန့် ဝေထားသည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၁)ကြိမ်၊ ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင် (၁)ကြိမ်နှင့် ယခုနှစ်အတွက် (၁)ကြိမ် စုစုပေါင်း (၃)ကြိမ်အတွက် ပုံပြ ပုံပြင် စာအုပ်ပေါင်း (၇၁၂၃၈)အုပ်ကို ပေးအပ်နိုင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမ (၇၄)ဦးကိုလည်း ခန့်အပ်ထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)