နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ






MNP - ဇွန်   ၃၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၉)နာရီတွင် လယ်ဝေးမြို့နယ်၊ အောင်စည်လာကျေးရွာ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်ပေါ်ဒေသမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေး စကားပြောကြားရာတွင် တောင်ပေါ်ဒေသများမှ ဒေသခံပြည်သူများနှင့် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ/ဆရာမများ၏ အခက်အခဲများကို နားလည်ကိုယ်ချင်းစာပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် တောင်ပေါ်ဒေသ၏ အခက်အခဲများကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပြီး တောင်ပေါ်ဒေသ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တောင်ပေါ်ဒေသကျေးရွာများ၏ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံအားပေးစကား ပြောကြားသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက တောင်ပေါ်ဒေသမှ ဒေသခံပြည်သူများအတွက် ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်ရင်း၊ တပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။


ထို့နောက် ဒေသခံပြည်သူများက ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် တယ်လီဖုန်းလိုင်းများ ကောင်းမွန်စေရေးတို့အတွက် တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်ပတ်သက်၍ ရေတို၊ ရေရှည်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအားစိစစ်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားသည်။


ယင်းနောက် တောင်ပေါ်ဒေသမှ ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအတွက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တက်ရောက်လာကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် တောင်ဖီလာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် ဆရာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မက်စ်ဘိလပ်မြေစက်ရုံသို့သွားရောက်၍ စက်ရုံလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက စက်ရုံလည်ပတ်နေမှုအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အောင်ချမ်းသာကျေးရွာအနီးလမ်းပိုင်းနှင့် တောင်စဉ်အေးစစ်ဆေး‌ရေးဂိတ်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)