MNP ၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဟာ သယ်ယူပို့ဆောင်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးရန်အတွက် မြေနေရာများ ကျယ်ဝန်းခြင်း၊ လုပ်သားအလွယ်တကူရရှိခြင်းကြောင့် သီးနှံမျိုးစုံဖြစ်ထွန်းတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းစက်မှုဇုန်၊ ရွှေဘိုစက်မှုဇုန်၊ ကလေးစက်မှုဇုန်နှင့် မုံရွာစက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများအားလုံး ရာနှုန်းပြည့်လည်ပတ်နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း အသစ်များ ဝင်ရောက်လာနိုင်ရေးကိုလည်း တာဝန်ရှိ သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် စက်မှုလုပ်ငန်းများသာမက စိုက်ပျိုးရေး လုပ်ငန်းများအတွက် အရေးပါသော ဓါတ်မြေသြဇာထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် သံနှင့်သံမဏိ ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသည့် ရင်းနှီးမြုပ်နှံသူများကိုလည်း ဖိတ်ခေါ်သွားကြရန် မှာကြား လိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဖြင့် Great Sapphire Co,Ltd (မဟာနီလာ ကုမ္ပဏီလီမီတက်) က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့် ယခင်(၅/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment