MNP - ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦးလုပ်ငန်းခွင် ထိခိုက်သေဆုံးမှုကြောင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ပြုလုပ်ကြောင်း သိရသည်။
ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ပွဲတွင် ရှေးဦးစွာ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေမှ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ပါ အကျိုးခံစားခွင့်များနှင့် လိုက်နာရမည့် တာဝန်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျိုတီးတို့က မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် ယင်းမာပင်ကျေးရွာ Petrol K စက်သုံးဆီဆိုင်မှ သေဆုံးသူ အာမခံအလုပ်သမား၏ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် ၄၃၅၀၀၀၀ ကို ကျန်ရစ်သူမိသားစုထံ လွှဲပြောင်းပေးအပ်သည်။ အာမခံအလုပ်သမား၏နာရေးစရိတ် ငွေကျပ် ၄၄၃၇၀၀ ကိုယခင်က ထုတ်ပေးခဲ့ပြီးဖြစ်ရာ စုစုပေါင်းငွေကျပ် ၄၇၉၃၇၀၀ ကို လူမှုဖူလုံရေးအဖွဲ့မှ ခွင့်ပြုထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ပွဲသို့ မြို့နယ်လူမှုဖူလုံရေးရုံးနှင့်ဆေးခန်းမှဝန်ထမ်းများ၊ Petrol K စက်သုံးဆီဆိုင်မှတာဝန်ရှိသူများနှင့် ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment