တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်ခရိုင်ရှိ မိုးစပါးစံပြစိုက်ခင်းများအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်ခရိုင်ရှိ မိုးစပါးစံပြစိုက်ခင်းများအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတက်ရောက်

 



MNP - ဇွန်   ၃၀


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် ကျင်းပသည့် မြိတ်ခရိုင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများရှိ စံပြစိုက်ခင်းများအတွက် သွင်းအားစုများ ထောက်ပံ့ပေး အပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။


မြိတ်ခရိုင်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာရွေးချယ်ပြီး စံပြမိုးစပါးစိုက်ခင်းဧရိယာ (၁၂၂၅) ဧကအတွက်  တောင်သူများအား သွင်းအားစုများဖြစ်သည့် မျိုးစပါး (၁၁၅၀) တင်း၊  မြေဩဇာ (၁၁၅၀) အိတ်နှင့် ပိုးသတ်ဆေး (၁၂၂၅) လီတာ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။


သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးသည် ဒေသဝမ်းစာဖူလုံမှု (၇၀) ရာခိုင်နှုန်းကျော်သာရှိပြီး စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်းသည်လည်း (၇၀.၂၉) တင်းထွက်ရှိနေတာဖြစ်ကြောင်း၊ ဒေသဝမ်းစာဖူလုံမှု ရာနှုန်းပြည့်ရရှိစေရန်အတွက် စပါးတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားစေရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်သူများအနေဖြင့် စပါးစိုက်ပျိုးဆောင်ရွက်ရာမှာလည်း တစ်ရာသီတစ်သီး စိုက်ပျိုးနေမှုမှ ရေရရှိနိုင်မှုအပေါ်မူတည်ပြီး နှစ်သီးစိုက်ဧရိယာ၊ သုံးသီးစိုက်ဧရိယာများရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍထွက်ကုန်များကို အခြေပြုပြီးတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော သီးနှံအမယ်သစ်များကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။


ထိုနောက် စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးဦးသန်းထိုက်က မြိတ်ခရိုင်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများအတွက် မိုးစပါးသီးနှံ၏ သွင်းအားစုများဖြစ်သော၊ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး စံပြကျေးရွာတောင်သူများအား သွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးများကို ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများက ထောက်ပံ့ပေးအပ်ကြသည်။


ဆက်လက်၍ စံပြကျေးရွာ တောင်သူများကိုယ်စား ကျွန်းစုမြို့နယ်မှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်က တောင်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအားပြသထားရှိသည့် မိုးစပါးတစ်ဧကတင်း (၁၀၀) နှင့်အထက် ထွက်ရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စပါးသီးနှံအတွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျရောစပ်၍ သုံးစွဲနည်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အကြောင်း သိကောင်းစရာများနှင့် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲရာ၌ လိုက်နာဆောင်ရွက်ရမည့်အချက်များ ပညာပေးပြခန်းအား ကြည့်ရှုအားပေးသည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စု သမုတ်-မော်စုန်း-သစ်ယာဝကားလမ်းဘေး မော်စုန်းကျေးရွာ ပင်လယ်ဒီရေ ရောက်တောတွင် မိုးရာသီဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့ကြသည်။ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒီရေတောပျိုးပင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။


မိုးရာသီဒီရေတောပျိုးပင်များဖြစ်သည့် လမုပင် (၅၀) ပင် ၊ ဗြူးခြေထောက် (၅၀၀) ပင်၊ ဗြူးအုပ် ဆောင်း (၁၀၀၀) ပင် စုစုပေါင်း (၁၅၅၀) ပင်ကို ဝန်ကြီးချုပ်၊ ဝန်ကြီးများသည် ဒေသခံ ပြည်သူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)