MNP - ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်းပြီး ဒေသတွင်းထွက်ရှိသော သစ်သီးများကိုအခြေခံကာ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းအဖြစ် အသီးဖျော်ရည်မျိုးစုံပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင်ခန်းမ၌ ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မင်းဘူးခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အမျိုးသမီးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုဆွေးနွေး ပြောကြားပြီး ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးစိုးစံက ဒေသတွင်း တစ်ပိုင်တစ်နိုင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပြင် အသေးစား စက်မှု လက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလို သင်တန်းများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သင်တန်းသူ (၂၀)ဦးတက်ရောက် ခဲ့ပြီး ဒေသတွင်းထွက်ရှိသော သစ်သီးများကိုအခြေခံကာ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်း အဖြစ် အသီးဖျော်ရည်မျိုးစုံ လက်တွေ့ပြုလုပ်နည်း ဘာသာရပ်များကို ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၃ ရက်နေ့အထိ (၅)ရက်ကြာ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - မောင်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment