MNP - ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ မိုးနေကြာ) စီမံကိန်းလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံမိုးနေကြာ) ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းလုပ်ငန်းအား ဒေသခံတောင်သူများ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး အတိုးနှုန်းသက်သာသော စီမံကိန်းမတည် ရန်ပုံငွေများကိုထုတ်ချေး၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းဆိုင်ရာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချသင်ကြားမည့်သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်သည့် ရန်ပုံငွေစီမံခန့်ခွဲမှုနည်းစနစ်များနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာများ၊ ကော်မတီ ဝင်များ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စီမံကိန်းလက်စွဲပါ မူဘောင်နှင့် စည်းကမ်းချက်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာနှင့် ကန်ပြည့်ကျေးရွာတို့မှ ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင် ၂၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment