MNP - ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၏ ကျောင်းအခြေပြု အခြေခံ / အဆင့်မြင့် စက်ချုပ်သင်တန်း အပတ်စဉ် ၂/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမတွင်ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက အမျိုးသမီးများအနေဖြင့် အိမ်ထောင်ထိန်းသိမ်းမှုပညာရပ်များကို တတ်ကျွမ်းခြင်းအားဖြင့် အလုပ်အကိုင်ရရှိစေရန်၊ အမျိုးသမီးများ အမှီအခိုကင်းစွာဖြင့် မိမိဘဝမိမိရပ်တည်နိုင်စေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ပိုမိုရရှိလာစေရန်နှင့် အိမ်ထောင်ရေး သာယာစိုပြေစေရန်ရည်ရွယ်၍ တောင်ငူမြို့နှင့်အနီး ပတ်ဝန်းကျင်ရှိမြို့နယ်၊ ရပ်ကွက်များမှ အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သက်သာသော သင်တန်းကြေး၊ သင်ထောက်ကူပစ္စည်း ပြည့်စုံစွာနဲ့ သင်ယူနိုင်တဲ့ ကျောင်းပြင်ပရပ်ရွာအခြေပြု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း အိမ်တွင်းမှုသက်မွေးကျောင်း ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပြီး အကျိုးရှိရှိအသုံးချနိုင်ပါက အတန်းပညာနည်းသူများအတွက် မိမိဘဝကိုအများနည်းတူ ရပ်တည်နေထိုင်နိုင်မည် ဖြစ်ပါကြောင်း၊ စက်ချုပ်ပညာရပ်များနဲ့ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် ချုပ်လုပ်ရုံသာမက တစ်ပိုင်တစ်နိုင်စီးပွားရေးမှ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ဝင်ငွေရရှိသည်အထိ လုပ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားလုပ်ဆောင် ကြစေလိုကြောင်းတိုက်တွန်း ပြောကြားသည် ။
ယင်းနောက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းများဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သင်တန်းသို့တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူ (၄၃)ဦးအနက် ထူးချွန်ဆုရရှိသည့် ကျောင်းသားတစ်ဦးအား အပ်ချုပ်စက်တစ်လုံးနှင့် တက်ရောက်ကြသည့် သင်တန်းသားများအားလုံးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့က စက်ချုပ်ထားရှိသည့် သင်တန်းသား၊ သင်တန်းသူများ၏ အင်္ကျီဒီဇိုင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment