MNP - ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဆီထွက်သီးနှံအဖြစ် ၂၀၂၂ ခုနှစ် နွေနှမ်းစိုက်ပျိုးရာသီတွင် စိုက်ပျိုးဆောင်ရွက်ခဲ့သော နွေနှမ်းသီးနှံများ စံကွက်ရိတ်သိမ်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာနှင့် စလင်းမြို့နယ် ကူဖြူကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရိတ်သိမ်းဆောင်ရာတွင် ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာ ကွင်းအမှတ်(၇၇၆) တောင်သူ ဦးလှသောင်း ၏ လယ်မြေရှိ နွေးနှမ်းစိုက်ဧက ၂ ဒသမ ၂၂ ဧကနှင့် စလင်းမြို့နယ် ကူဖြူကျေးရွာ ကွင်းအမှတ်(၄၉၄) တောင်သူ ဦးလှထွန်း၏ လယ်မြေရှိ နွေနှမ်းစိုက်ဧက ၃ ဒသမ ၆၃ ဧကတို့တွင် နွေနှမ်းသီးနှံအဖြစ် စမုံနက်နှမ်းမျိုးများကို ကြဲပက်စနစ်ဖြင့် ဧပြီလက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး အဆိုပါ နွေနှမ်းစိုက်ခင်းများအတွင်း ၀ ဒသမ ၁၀ ဧက အရွယ်အစားရှိ စံကွက်ရိတ်သိမ်းခြင်းများကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သီးနှံအထွက်နှုန်း မှန်ကန်စေ ရေးအတွက် တောင်သူ ပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးလှိုင်မင်း၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ဆီထွက်သီးနှံအဖြစ် (ယခင်နှစ်) ၂၀၂၀-၂၀၂၁ ခုနှစ် နွေနှမ်း စိုက်ပျိုးရာသီတွင် နွေနှမ်းသီးနှံကို ဧကပေါင်း ၇၆၁၆၀ ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအားဖြင့် တစ်ဧက ပျှမ်းမျှ ၇ ဒသမ ၂၃ တင်းထွက်ရှိခဲ့ကြောင်း၊ (ယခုနှစ်) ၂၀၂၁-၂၀၂၂ နွေနှမ်းစိုက်ပျိုးရာသီတွင် နွေနှမ်း သီးနှံကို ဧကပေါင်း ၁၀၆၈၁၀ ဧကအထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိ ၂၁၀၈၀ ဧက ရိတ်သိမ်း ဆောင်ရွက်နိုင်ခဲ့မှုအပေါ် တစ်ဧက ပျှမ်းမျှအထွက်နှုန်းအားဖြင့် ၉ ဒသမ ၆၅ တင်းအထိ ထွက်ရှိခဲ့ ကြောင်း မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သတင်း - မောင်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment