MNP - ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်အသင်းအဖွဲ့များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဒေသတွင်းရှိ စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်သီးနှံကုန်စည်များ ဈေးကောင်းရရှိရေးသည် အဓိကဖြစ်၍ မြို့နယ်ကုန်စည်ဒိုင်အသင်းအဖွဲ့များအနေဖြင့် ဈေးကွက်ရှာဖွေ ချိတ်ဆက်ကာ ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများကို ယခုထက် ပိုမိုအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ ယခင် ဖွဲ့စည်းထားသော မြို့နယ်ကုန်စည်ဒိုင်အသင်းသည် သတ်မှတ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၍ မြို့နယ်ကုန်စည်ဒိုင်အသင်း အလုပ်အမှုဆောင်အသစ်များ ရွေးချယ်ကာ မကွေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတွင် ပါဝင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များက ဒေသတွင်း ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းတွင် တွေ့ကြုံရသည့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့ရှိ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment