MNP - ဇူလိုင် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စုတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာရှိ တောင်သူ ဦးကျောက်၏ လယ်မြေ (၂၀)ဧက တွင် ကောက်စိုက်စက်ဖြင့် တောင်သူပညာပေး သရုပ်ပြဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန်စနစ်တစ်ခု ဖြစ်ပေါ်နိုင်ရေးအတွက် တောင်သူများအနေဖြင့် စက်ကိရိယာအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးခြင်းဖြင့် အချိန်ကုန်ငွေကုန် သက်သာသည့် အပြင် အချိန်မီစိုက်ပျိုးနိုင်ပြီး ဒုတိယသီးနှံ၊ တတိယသီးနှံများကို စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း၊ ယခုလိုစပါးသီးနှံကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်သလို ပြောင်း၊ နှမ်း၊ နေကြာ စသည့်သီးနှံများကိုလည်း ယင်းစက်ကိရိယာအသုံးပြု၍ စိုက်ပျိုးနိုင်ကြောင်း ဆွေးနွေးမှာကြားခဲ့ သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက လယ်ယာသုံးစက်ကိရိယာများနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က မိုးစပါးစိုက်ပျိုးမှုနှင့် ပတ်သက်သည့်အကြောင်းအရာ များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ စက်မှုလယ်ယာဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ ပျဉ်းမနားခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ကောက်စိုက်စက်ဖြင့် မိုးစပါး(မနောသုခ) စိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှုအားပေးခဲ့ကာ လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်သည့် ဗီနိုင်းပိုစတာများ၊ စပါးမျိုးစေ့ချစက် ပြုလုပ်ပုံအဆင့်ဆင့်တို့ကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment