MNP - ဇူလိုင် ၂၇
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေ မတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ကျင်းပလျက်ရှိရာ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ကော့သောင်းခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့နံနက်(၈) နာရီက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မျိုးသန့်၊ ခရိုင်လဝကဦးစီးမှူး ဦးဇင်ထက်တို့က (၂၃) ကြိမ်မြောက်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အဆို၊ အကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် ခရိုင်အတွင်းရှိ မြို့နယ်များမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်အဖွဲ့များက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
ခရိုင်အတွင်းမြို့နယ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရပြိုင်ပွဲဝင်များအား ဇူလိုင်လ ၂၈ ရက်နေ့တွင်ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များနှင့် အနုပညာ ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment