MNP - ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးနှင့်သဘာဝဘေးအန် တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကလေးသူငယ်အခွင့်ရေးကို ကလေးများကိုယ်တိုင် နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ် မိမိကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်ရေးများရှိသလို ကလေးများလိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း သိရှိလိုက်နာတတ်ရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရှောင်ရှား တတ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက သဘာဝကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ ရှောင်ရှားရန် အချက်များအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးခိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေများ၊ ကလေးသူငယ်အခွင့်အရေး (၄)ရပ်၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးများလိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများအားလည်း ကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ တာဝန်ခံ ဦးဝေဟင်စိုးက မူးယစ်အန္တရာယ်လူ့ရန်စွယ် ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များပေးအပ်ကာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ကျောင်းသုံးဗလာစာအုပ်များ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည်(၂၀)ဘူးပါ (၁)ဖာအား ကျောင်းအုပ်ကြီးထံပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment