MNP - ဇူလိုင် ၂၇
မြန်မာ-ထိုင်းနယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြဝတီခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က လူကုန်ကူးခြင်းသည် လူသားအချင်းချင်း ရောင်းကုန်ပစ္စည်းသဖွယ်သဘောထားပြီးနှိပ်စက်ညှဉ်းပန်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာပြုခြင်းများပင်ဖြစ်ကြာင်း၊ နိုင်ငံတော်မှ ၁၉၉၇ ခုနှစ်မှစတင်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ချမှတ်ကာ အရှိန်အဟုန်မြှင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပြဋ္ဌာန်းပြီးနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်း၂၀၂၁ ခုနှစ် မှ ၂၀၂၆ ခုနှစ်အထိရေးဆွဲ၍ လုပ်ငန်းကဏ္ဍကြီး (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုပုံစံ အမျိုးအစား (၆) မျိုးတွေ့ရှိရကြောင်းနှင့် သင်တန်းသားများအနေဖြင့် လူကုန်ကူးမှုနှင့်ဆိုင်သော ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ဘားအံ)မှ ရဲမှူးတင့်ဆွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပေးသည်။
အဆိုပါသင်တန်းကို မြဝတီခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းသင်တန်းသား (၄၀) ဦးတို့အား သင်တန်းနည်းပြ (၃) ဦးတို့က ဇူလိုင် ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ထိန်လင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment