MNP - ဇူလိုင် ၂၃
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား အမှိုက်ကင်းစင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သော သန့်ရှင်းသာယာလှပ သော အစိမ်းရောင်ခရီးသွားမြို့တော် ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်းတွင် ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဘားအံမြို့ပေါ်ရှိ အမှတ်(၁၂)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၀)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၃)အခြေခံပညာ မူလတန်း လွန်ကျောင်းနှင့် လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ ဒုံရင်းအခြေခံပညာ အထက်တန်းကျောင်းတို့တွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ အဆိုပါကျောင်းများ၌ စာသင်ခန်း၊ ပရိဘောဂပစ္စည်း ပြည့်စုံ လုံလောက်မှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ အမှတ်(၁၂)မူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်း၊ အမှတ်(၁၀)မူလတန်းလွန်ကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း နိုင်ရန် အလှူငွေ(၁)သိန်းနှင့် ဒုံရင်းအထက်တန်း ကျောင်း၌ ပရိဘောဂပစ္စည်းများ ပြင်ဆင်နိုင်ရန် ငွေကျပ်(၅)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ ဒုံရင်းသဘာဝစမ်း ရေတံခွန်တွင် အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး ပြင်ဆင်ဆောင်ရွက် နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒုံရင်း သဘာဝစမ်း ရေတံခွန်နှင့် ပတ်ဝန်းကျင်ဒေသစိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးကို အလေးထား ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်လျက်ရှိသော အမျိုးသား၊ အမျိုးသမီး (၆)ခန်းတွဲ သန့်စင်ခန်း၊ အဝတ်လဲခန်း၊ ရေချိုးခန်းများ သတ်မှတ်စံနှုန်းများနှင့် အညီ စနစ်တကျ ရှိစေရေးမှာကြားကာ လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment