MNP ၊ ဇူလိုင် ၂၂
ပဲခူးမြို့၊တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ အစည်း အဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက KGတိုင်းရင်းသား ကျောင်းသား/ကျောင်းသူ များအတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ KG တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအတွက် တိုင်းရင်းသားတို့၏ ပုံပြပုံပြင်စာအုပ်များကို ပေးအပ်ရခြင်းသည် တိုင်းရင်းသား ကလေးငယ်များ မိမိတို့၏ ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စား လာစေရန်ဖြစ်ကြောင်း၊ ယခုပေးအပ်သည့် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များသည် တိုင်းရင်းသားကလေးငယ်များ၏ မူလတန်းစာပေသင်ကြားရာတွင် များစွာအထောက်အကူ ဖြစ်စေရန်၊ ကျောင်းထွက်နှုန်း လျော့ကျစေရန်ဖြစ်ကြောင်း၊ တိုင်းရင်းသား တို့၏စာပေနှင့် ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ချစ်ကြည်လေးစားမှုတို့ကို ရရှိစေမှာဖြစ်ကြောင်း၊ တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူ များအနေဖြင့် မိမိတို့၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို အလေးအနက် တန်ဖိုး ထားတတ်စေရန် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်စေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး KG တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများဖြစ်သော ကယား၊ စကော ကရင်၊ အရှိုချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်နှင့် ဗမာ စသည့် တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် ပုံပြပုံပြင် စာအုပ်ပေါင်း (၁၀၃၆၄၃)အုပ်အားခွဲဝေကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကယား၊ ကရင်နှင့် အရှိုချင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ ပုံပြပုံပြင်စာအုပ်များကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ပအိုဝ့်နှင့်ဗမာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ ပုံပြပုံပြင်စာအုပ်များကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က မွန်နှင့်ရှမ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများထံသို့ ပုံပြပုံပြင်စာအုပ်များကိုလည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ရခိုင်တိုင်းရင်းသားများအတွက် တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကိုယ်စား အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြခန်းအတွင်း ပြသထားသည့် တိုင်းရင်းသားစာပေ ပုံပြပုံပြင်စာအုပ်များအား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment