မီဒီယာ မလိုဘူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီဒီယာ မလိုဘူး


ယနေ့ခေတ်က တိုတိုလေးနဲ့ ထိထိမိမိလေးမှ ကြိုက်တဲ့ခေတ်။ စာရေးသူက ဆောင်းပါးရေးတော့ ဆောင်းပါး အင်္ဂါရပ်နဲ့ ညီညွတ်အောင် ရေးတဲ့အခါ စာတွေ အရှည်ကြီးမရေးပါနဲ့။ တိုတိုနဲ့ ထိထိမိမိလေး ရေးပါတဲ့။ ရုပ်သံလွှင့်တဲ့အခါလည်း လိုတိုရှင်းလေး ပြောပါတဲ့။ ဒါက ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့အတွက် မလွန်ဆန်သာပါဘူး။

တိုတိုလေးပဲ ပြောပါအုံးမယ်။ မီဒီယာဆိုတာ ဘာလဲ။ မီဒီယာ က လှုံ့ဆော်လို့ လမ်းပေါ်ရောက်တယ်။ မီဒီယာက လှုံ့ဆော်လို့ အကြမ်းဖက်မှုတွေ ဖြစ်တယ်။ မီဒီယာတွေဆိုရင် ရွံရှာလာကြတယ်။ ဒါကလည်း အမှန်တရားပါပဲ။ မီဒီယာက ပြည်သူအချင်းချင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်အောင် လှုံ့ဆော်နိုင်စွမ်းရှိတာကို လက်တွေ့ကျကျ သိကြပြီမှတ်လား။

ကျွန်တော် ဒီနေ့ ဒီအချိန်မှာ မီဒီယာအဖြစ် ရပ်တည်နေတယ်။ နောက်တစ်ချိန် ရပ်တည်ချင်မှ ရပ်တည်မယ်။ အကြမ်းဖက်မှုတွေ ဖြစ်အောင် မလှုံ့ဆော်ဘူး။ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း အားပေးခြင်း မရှိဘူး။ အကြမ်းဖက်အဖွဲ့အစည်းကိုလည်း လုံးဝမထောက်ခံဘူး။

ပြည်ပက အကိုတစ်ယောက် ပြောဖူးတယ်။ မီဒီယာတွေ ရှုပ်နေတာတဲ့။ သိပ်မှန်တဲ့ စကားပါ။ အဲဒီ အကို ကိုတော့ ဖြည့်စွက်ပြောချင်တယ်။ အကိုရေ တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး၊ အဂတိမှုတွေ လျော့ပါးစေဖို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့ မှန်မှန်ကန်ကန် ရေးသားဖော်ပြ ပြောဆိုမယ်ဆိုရင်ရော ရာထူးအာဏာရှိသူတွေက ကြိုက်ပမလား။ မကြိုက်ပါဘူးနော်။

ယနေ့ နစက အစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကလည်း ယခင်အစိုးရအဆက်ဆက် က တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သူတွေပါပဲ။ အားလုံး အသစ်ပြင်ဆင် ပြောင်းလဲထားတာရယ်လို့ မရှိပါဘူး။ ဒီမိုကရေစီစနစ်အရ အစိုးရတစ်ရပ်တက်လာရင် လူကြီးပိုင်း အပြောင်းအလဲဖြစ်မယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ် တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ တရားသူကြီး၊ မြေစာရင်းဦးစီးမှူး၊ လဝကဦးစီးမှူး တွေ အပြောင်းအလဲ ဖြစ်သွားတာ မဟုတ်ပါဘူး။

ဒီမိုကရေစီ အစိုးရလက်ထက် ကို ရောက်လာလို့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ (Public Service) လုပ်ငန်းတွေမှာ သိသာထင်ရှားစွာ ပြောင်းလဲသွားတာမျိုး ရှိတယ်လို့ မြင်ပါသလား။ မထင်ပါနဲ့။ NLD အစိုးရလက်ထက်က သံဃာတော်များ သာသနာဝင်ကတ် လုပ်ဖို့ မြို့နယ်လဝက ရုံးတစ်ခုကို ရောက်ခဲ့တယ်။ ဘုန်းကြီးလည်း ပါတယ်။ အဝစောင့်က ဘာလဲ၊ ဘာကိစ္စလဲတဲ့။ လက်ထဲက COC ဆော့နေတာက ချမရဘူး။ ဘုန်းကြီးက ဦးစီးမှူးနဲ့ တွေ့ချင်လို့ ဆိုတော့ ဘုန်းကြီးမျက်နှာကို မော်မဖူးအားဘူး။ မရှိဘူး၊ အစည်းအဝေးသွားတယ်၊ စောင့်နေ တဲ့။ သောက်ချိုးမပြေလို့ ဘုန်းကြီးက ပွဲကြမ်းတော့မယ်ဆိုမှ အထဲက ဒုဦးစီးမှူးတွေ၊ အခြားဝန်ထမ်းတွေ ထွက်လာပြီး အတင်းတောင်းပန်ကြတယ်။ သာဓကလေးကို ပြောတာပါ။ အစိုးရပြောင်းတိုင်း ဝန်းထမ်းတွေ အချိုးမပြောင်းပါဘူး။ ဝန်ထမ်းတိုင်းက ဆိုးနေတာလည်း မဟုတ်ဘူး။ သူ့ဂွင်နဲ့ သူ။ ဂွင်ကျတဲ့နေရာမှာ နေရာရ တဲ့သူတွေ (ပြည်သူနဲ့ ထိတွေ့ဆက်ဆံရတဲ့သူတွေ) ရဲ့ အချိုးမပြေမှု၊ အဂတိလိုက်စားမှုတွေက တပ်မတော်အစိုးရလက်ထက်မှာလည်း ဒီပုံစံပဲ။ ဒီမိုကရေစီအစိုးရပြောင်းလဲ ဒီပုံစံပဲ။

မူဝါဒတွေ ပြောင်းသည်ဖြစ်စေ၊ မပြောင်းသည် ဖြစ်စေ သူတို့ ရဲ့ လုပ်ရိုးလုပ်စဉ် ကိုယ်ကျိုးရှာ ဂွင်ဖန်တဲ့ လုပ်ငန်းစဉ်တွေကတော့ မပြောင်းလဲပါဘူး။ 

အခု နစက အစိုးရ အပြောင်းအလဲ။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်လိုက်တာ သူတို့ အပြင်မရှိဘူး။ NLD အစိုးရလက်ထက်တုန်းကလိုပဲ ဥပဒေစိုးမိုးရေး ကြွေးကြော်လိုက်တာလည်း သူတို့အပြင် မရှိဘူး။ နစက အစိုးရလက်ထက်မှာတော့ တည်ငြိမ်အေးချမ်းရေးအတွက်ပါ အလေးထားပြောဆိုရတဲ့ အခြေအနေမျိုးပါ။ မူဝါဒ ချမှတ်သူတွေက မည်မျှပင် ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်နေစေကာမူ နယ်မြေမှာ လုပ်ငန်းဖော်ဆောင်သူများက ဥပဒေစိုးမိုးရေးကိုလည်း အလေးမထားဘူး။ တည်ငြိမ်အေးချမ်းရေးဆိုတာကို မစဉ်းစားဘူး။ NLD အစွန်းရောက် ပြည်ပြေး နိုင်ငံရေးလှုံ့ဆော်သူတွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဈေးကွက်စီးပွားရေးလို သဘောထားပြီး လုပ်နေကြတာတွေကို မီဒီယာက သိတာကို သိတဲ့အတိုင်း ရေးမယ်။ မြင်တာကို မြင်တဲ့အလျှောက်ရေးမယ်။ ပြည်သူတွေဆီက ရရှိတဲ့ သတင်းအချက်တွေကို ဖော်ပြမယ်။

အဲဒီလို မီဒီယာမျိုးဆိုရင် ခင်ဗျားတို့ ကြိုက်မှာပါ။ ခင်ဗျားတို့ ကြိုက်ပေမယ့် သူတို့မကြိုက်ဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ဈေးကွက်စီးပွားရေးစနစ်ဖော်ဆောင်နေသူတွေရဲ့ အကြောင်း ပြည်သူတွေကလည်း သိတိုင်း မပြောရဲဘူး။ ဒုက္ခပေးခြင်း ခံရမှာစိုးလို့။ ကျွန်တော်တို့ကလည်း သိတိုင်း မရေးရဲဘူး။ ကိုယ့်ကို ဒုက္ခပေးမှာထက် မဆိုင်တဲ့ သူတွေကို ဒုက္ခပေးမှာ ကြောက်နေရတယ်။ ခေတ်ကြီးက နှစ်ဖက်ကြောက်ရတဲ့ ခေတ်ဗျ။

ကျွန်တော်တို့ဟာ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို တိုင်းတပါး ရောင်းစားဖို့ စိတ်မဝင်စားပါဘူး။ တာဝန်ရှိသူတွေက ဥပဒေကို မသိလို့ပါဆိုပြီး ချိုးဖောက်မိလို့ ဥပဒေက သက်ညှာလိမ့်မယ်မဟုတ်ဘူးဆိုတဲ့ စကားကို ပြောတတ်ကြပါတယ်။ ဥပဒေကို သိပြီး ဥပဒေနဲ့အညီ လုပ်ဖို့ တာဝန်ရှိသူတွေကတော့ ဥပဒေကို မသိကျိုးကျွန်ပြုပြီး ကိုယ်ကျိုးရှာတတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ကတော့ အစိုးရနဲ့ ပြည်သူကြား မတော်မတရား လုပ်နေတာတွေ လျှော့ပါးပြီး ပြည်သူတွေ ရသင့်တဲ့ အခွင့်အရေးတွေကို ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး မပိတ်ပင်ကြဖို့နဲ့ ပြည်သူကိုအရင်းပြုပြီး ကိုယ်ကျိုးစီးပွား မရှာကြစေလိုတာပါပဲ။

တကယ်တော့ ရာထူးအာဏာ ရှိသူတွေကလည်း ဥပဒေလက်တစ်လုံးခြားမလုပ်ဘူး။ ပြည်သူတွေရဲ့အခွင့်အရေးတွေကို မပိတ်ပင်ဘူး။ ပြည်သူကို အရင်းပြုပြီး ကိုယ်ကျိုးမရှာဘူး။ ပြည်သူတွေကလည်း ပြည်သူအချင်းချင်း မတော်မတရား လုပ်တာမျိုး မရှိဘူး ဆိုရင် မီဒီယာဆိုတာ မလိုပါဘူး။ ပြည်သူတွေဟာ မှန်မှန်ကန်ကန် ပြောရဲမယ်၊ ပြောရေးဆိုခွင့်လည်း ရှိနေမယ်၊ ရာထူး အာဏာနဲ့ ဒုက္ခမပေးဘူး၊ တစ်ဖက်လှည့်နည်းနဲ့ မယုတ်မာဘူးဆိုရင် မီဒီယာဆိုတာ မလိုပါဘူး။ တကယ်တော့ မီဒီယာဆိုတာ ကြားခံ (အမုန်းခံ) ပါပဲ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)