သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်း





MNP - ဩဂုတ်   ၂၉


ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။


အဆိုပါသင်တန်းကို သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့ပါးစေရေးအတွက် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ရပ်ရွာအတွင်း အတိတ်ကာလဘေး ဖြစ်ပွားမှု သမိုင်းကြောင်းများကို လေ့လာဖော်ထုတ်ခြင်း၊ ရာသီအလိုက်ဖြစ်ပွားတက်သော ဖြစ်စဉ်ပြ ပြက္ခဒိန်ရေးဆွဲခြင်း၊ ရပ်ရွာအတွင်းထိခိုက်ခံရလွယ်မှု အရင်းအမြစ်တည်ရှိမှုကို ဖော်ထုတ်၍ ကျေးရွာမြေပုံရေးဆွဲဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို သင်တန်းသား/သူများအနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်း၍ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သင်တန်းသား/သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်လာစေရန် သင်တန်းသား/သူများအနေဖြင့်လည်း သင်တန်းမရရှိသော အသိပညာဗဟုသုတများကို ရပ်ရွာပြည်သူလူထုများထံ ပြန်လည်ဖြန့်ဝေးပေးသွားစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွဲဖက်အတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်ဌေးက သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးကြကာ စည်းလုံးခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသည့် ကရင်တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ သည်။


ယခုသင်တန်းကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ လူမှုဝန်ထမ်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မီးသတ်၊ ကျန်းမာရေး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ  သင်တန်းနည်းပြများက ဘေးအန္တရာယ်ဆိုင်ရာသင်ခန်းစာများကို ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)