ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ပြည်သူများ စက်ဆုံးဆီပုံမှန်ဝယ်ယူအသုံးပြုနိုင်ရေး၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ပြည်သူများ စက်ဆုံးဆီပုံမှန်ဝယ်ယူအသုံးပြုနိုင်ရေး၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ်



MNP - သြဂုတ်  ၂၅


ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု မဖြစ်ပေါ်စေရေး၊ ပုံမှန်ဝယ်ယူအသုံးပြုနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူများသို့ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မည့် မမှန်သတင်း၊ ကောလဟာလများကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်ပြီး တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ပြည်သူများနေ့စဉ်လုပ်ငန်းများ ‌ဆောင်ရွက်ရန်အတွက် သွားလာလှုပ်ရှားရာတွင် လည်းကောင်း စက်သုံးဆီသည် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော်မှလည်း စက်သုံးဆီလုံလောက်မှုရှိစေရေး စီမံဆောင်ရွက်ပေးထားပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ စက်သုံးဆီအခက်အခဲကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်စေရေး၊ စက်သုံးဆီလုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ပုံမှန်ရောင်းချနိုင်ရေးအတွက် အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်း၍ အဖြေရှာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင် လုပ်ငန်းများတွင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်သွားရန်နှင့် အလေးထား လိုက်နာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ပြည်နယ်အတွင်း လအလိုက် စက်သုံးဆီကားများ ဝင်ရောက်မှုအခြေအနေနှင့် ဆီဆိုင်များ စစ်ဆေးကြပ်မတ်နိုင်ရေးနှင့် တရားမဝင်လုပ်ငန်းများတွင် စက်သုံးဆီဖြန့်ဖြူးမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို သုံးသပ်ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ကော်မတီအဖွဲ့ဝင်ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ စက်သုံးဆီလုပ်ငန်းရှင်များက စက်သုံး ဆီပြတ်လပ်မှုမရှိစေရေး၊ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ရေးနှင့် စစ်ဆေးကြပ်မတ်ခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အစီအမံများ၊ မြို့များအလိုက် စက်သုံးဆီဝင်ရောက်မှု အခြေအနေနှင့် ရောင်းချပေးနေမှု အခြေအနေများ၊ လုပ်ငန်းရှင်များဘက်မှ စက်သုံးဆီခွဲတမ်းရရှိမှု အခြေအနေ၊ သယ်ယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ရာတွင် လမ်းခရီးအခက်အခဲ၊ ကားငှားရမ်းခ ဈေးနှုန်းမြှင့်မား လာမှုအပေါ်မူတည်၍ ညှိနှိုင်းပေါင်းစပ်ပေးရန် ကိစ္စရပ်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်သုံးဆီပြတ်လပ်မှုမဖြစ် ပေါ်စေရေး ပြည်သူများ စက်သုံးဆီ ပုံမှန်အတိုင်း ဝယ်ယူခွင့်ရရှိရေး၊ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရေးနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများအပေါ် ကူညီဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။


ထို့နောက် အဆိုပါ အစည်းအဝေးခန်းမ၌ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၁၀၀ ထောက် ပံ့ပေးအပ်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။


ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲ ရှောင်ပြည်သူများအား လတ်တလော ယာယီခိုလှုံရာနေရာများတွင် နေထိုင်လျက်ရှိသည့် အတွက် ကူညီထောက်ပံ့မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများသည် မိမိတို့ ပြည်နယ်သူ/ ပြည်နယ်သားများ ဖြစ်သည့်အတွက် ယာယီတိမ်းရှောင်စဉ် ကာလအတွင်း လိုအပ်သည့် အကူအညီအထောက်အပံ့များအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကိုလည်း ဆောင်ရွက်ပေး သွားရမည်ဖြစ်ပါကြောင်း၊ ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် နေရာချထားရေးကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရမည် ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တိုက်ပွဲရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့မှုပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့မှုများနှင့် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၏ ကူညီလှူဒါန်းမှုမှ ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ကို မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်ထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ငွေများထောက်ပံ့ခြင်း၊ ဆန်အိတ်များနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် တစ်ပတ်စာဆန်ရိက္ခာဖိုး ငွေကျပ်(၂၁၀၀)နှုန်းဖြင့် လူဦးရေ (၂၃၁၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (၄၈)သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီကြီးကြပ်မှုကော်မတီက ခြုံစောင် (၃၉၄)ထည်၊ ခြင်ထောင် (၁၉၇)လုံး၊ ပစ္စည်းအမျိုးအစား (၁၁)မျိုးပါ လူသုံးကုန်ပစ္စည်းဖာ (၁၉၇)ဖာ၊ အမျိုးသား တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း (၁၉၇)ဖာ၊ အမျိုးသမီးတစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်း (၁၉၇)ဖာတို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)