အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ








MNP ၊ ဩဂုတ် ၂၉

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက် ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် Special Operation Force-SOF အမည်ခံအကြမ်းဖက်အဖွဲ့မှ ထွန်းထွန်းဟန်(ခ)ဝသုန် အား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဩဂုတ်လ ၂၃ ရက်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဘိုကလိုလမ်းသွယ်ရှိ STAR FAMILY တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဟန်(ခ)ဝသုန်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကင်းစုရပ်ကွက်၌ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်း တို့အားလည်းကောင်း၊ ယင်းနေ့ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းအနီးရှိ (ဌ)ဈေး၌ အောင်ဇော်မြင့်(ခ)စစ်နိုင်နှင့် သန့်စင်တို့အားလည်းကောင်း၊ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ သရဖီလမ်း၌ မျိုးမင်းဇော်(ခ)ပါကျဲ အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဟန်(ခ)ဝသုန်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်း၌ နေထိုင်သည့် ဆက်စပ်တရားခံ ထိန်လင်း၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ထိန်လင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး သံသယတရားခံများဖြစ်သည့် သူဇာသင်းနှင့် ဉာဏ်ထက်ဇံ တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖြစ်စဉ်တွင် တရားခံကျား ၇ ဦး၊ မ ၁ ဦး၊ စုစုပေါင်း တရားခံ ၈ ဦးတို့အား ၆၀ မမစိန်ပြောင်း ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ထွန်းထွန်းဟန်(ခ)ဝသုန်နှင့် အောင်ဇော်မြင့်(ခ) စစ်နိုင် တို့သည် KNLA တပ်မဟာ(၆)တွင်လည်းကောင်း၊ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်းတို့သည် KNLA တပ်မဟာ(၇)တွင် လည်းကောင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများ အသီးသီးတက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Special Operation Force (SOF) အမည်ခံ အကြမ်းဖက်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ မေလတွင် NLD ပါတီမှ သံလျင်မြို့နယ် လူငယ်တာဝန်ခံ၊ တရားခံပြေး ဝင်းကို(ခ)စံရှားမှ ခေါင်းဆောင်၍ အဖွဲ့ဝင် ၄၉ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ SOF အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် သူရိန် ခေါင်းဆောင်သော YZ၊ Hero၊ Lion တို့အပါအဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် သွေးအေး ခေါင်းဆောင်သော ဇော်ခါး၊ ကျောင်းဆရာ၊ ချိုတေး၊ အောင်အောင်၊ ကရင်လေး တို့အပါအဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ ဒလမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကြီး(ခ)RC ခေါင်းဆောင်သော ဝေယံ(ခ) အရှည်ကြီး၊ အာနိုး၊ ယက္ခ၊ ဂုမ္မာန်၊ အောင်ခန့်၊ ရှမ်းလေး၊ မီးလေး တို့အပါအဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သည့် နိုဗာ ခေါင်းဆောင်သော အောင်ဇေယျာဝင်း၊ လွင်ဖုန်းအောင်၊ ဉက္ကာ၊ မှန်ကြီး၊ ကရင်(ခ) လူပျိုကြီး၊ ဒူဘိုင်း(ခ)မာဝီ၊ အရိုးနှင့် ထွန်းထွန်းဟန်(ခ)ဝသုန် တို့အပါအဝင် ၁၀ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

SOF အမည်ခံအကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး တရားခံပြေး ဝင်းကို(ခ)စံရှား၏ စေခိုင်းချက်အရ အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် အောက်ပါအတိုင်း စီစဉ်ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် ထွန်းထွန်းဟန်(ခ)ဝသုန်၊ ပြည့်ဖြိုးပိုင်၊ မျိုးဇော်လင်း တို့သည် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သရက်တော ကားမှတ်တိုင်၌ တရားခံပြေး ဝင်းကို(ခ)စံရှား ထံမှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၃ လုံးအား ယူဆောင်၍ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ) ရပ်ကွက်၊ သရဖီလမ်းရှိ ထွန်းထွန်းဟန်(ခ) ဝသုန်၏နေအိမ်၌ ဝှက်ထားခဲ့ကြောင်း။

ဩဂုတ်လ ၂၁ ရက်တွင် ထွန်းထွန်းဟန်(ခ)ဝသုန် နှင့် အောင်ဇော်မြင့်(ခ) စစ်နိုင် တို့သည် အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ရန် Scout ကြည့်ရှုခဲ့ကြောင်း။

ဩဂုတ်လ ၂၂ ရက်တွင် ထွန်းထွန်းဟန်(ခ)ဝသုန် ခေါင်းဆောင်၍ မျိုးဇော်လင်း၊ အောင်ဇော်မြင့်(ခ)စစ်နိုင်၊ ပြည့်ဖြိုးပိုင်တို့သည် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်ရှိ ဘောလုံးကွင်းသို့သွားရောက်၍ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိရာဘက်သို့ ၆၀ မမ စိန်ပြောင်းဖြင့် ဗုံးသီး ၃ လုံးအား တပ်ဆင်ပစ်ခတ် ခဲ့ကြောင်း။

ထိုသို့ ပစ်ခတ်ခဲ့သောကြောင့် တရားခံပြေး ဝင်းကို(ခ)စံရှားမှ တစ်ဦးလျှင် ငွေကျပ် ၂ သိန်းအား K Pay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း။

အထက်ပါဖြစ်စဉ်အပြင် SOF အမည်ခံအကြမ်းဖက်အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အောက်ပါအတိုင်း ဖောက်ခွဲတိုက်ခိုက်မှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-


၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းပေါ်ရှိ ဇော်ဂျီလမ်း လုံခြုံရေးဂိတ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် လှိုင်မြို့နယ်၊ ဘူတာရုံအနီးရှိ ရထားလမ်း လွှဲပြုလုပ်သော Control Box အား လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း။

 သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)